
နေပြည်တော် အာဏာရူးတို့ရဲ့ မျက်နှာကို ၅ ရက်သာ အချိန်ယူပြီး ပြည်သူတို့ ဖြတ်ရိုက်ခဲ့ပြန်တယ်။
အပြင်မထွက် ပြည်လုံးကျွတ် အသံတိတ်သပိတ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ တိုက်ပွဲဝင်ကြမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီဇင်ဘာ ၅ ရက်မှာမှ အချက်ပေးခရာသံ စမှုတ်ခဲ့တယ်။ ကြိုတင်ပြင်ဆင်လှုံ့ဆော်ကာလက ၅ ရက်တည်းဆိုတော့ ၅ ရက်တည်းနဲ့ ပြည်သူတွေ သိပါ့မလား၊ အသံတွေ တိတ်ပါ့မလားဆိုပြီး တထိတ်ထိတ် ဖြစ်ကြရတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တုန်းကလည်း အသံတိတ်သပိတ် ဆင်နွှဲခဲ့ဖူးတယ်။ အာဏာရှင်တို့ရဲ့ ခံတပ်မြို့ နေပြည်တော်မှာတောင် ချောက်ချားဖွယ် တိတ်ဆိတ်၊ စစ်ဗိုလ်ချုပ်တွေ အရှက်တကွဲ တောက်သံပြင်းပြင်းနဲ့ သေနတ်မောင်းတင်ရုံသာ တတ်နိုင်ခဲ့တယ် ဆိုပေမဲ့ အခု အသံတိတ်တိုက်ပွဲက ၂၀၂၅ ခုနှစ်။
၂၀၂၅ ခုနှစ်ကို ရောက်ဖို့ ပြည်သူတွေ ဖြတ်သန်းလာခဲ့ရတာ တောကြမ်းကြမ်း၊ လမ်းကြမ်းကြမ်း ကျည်ဆန်နဲ့ လက်ထိတ်တွေ ပြေးလွှားနေတဲ့လမ်းမို့ မသေဘဲ ကျန်ခဲ့တာ၊ ထောင်ထဲ ရောက်မနေတာ ကံကောင်း။ ဒါတောင်မှ ရှင်နေတဲ့ဘဝများစွာ ပြန်စရာ အိမ်မရှိ၊ စားစရာ ထမင်းမရှိ၊ လုပ်စရာ အလုပ်မရှိ။ ဘယ်သူမဆို အချိန်မရွေး သေသွားနိုင်သလို ထောင်ထဲလည်း ရောက်သွားနိုင်ရုံတင်မက လမ်းမပေါ် တက်ရင်တောင် ပေါ်တာအဆွဲခံရပြီး အဓမ္မစစ်မှုထမ်းဘဝ သေမင်းဖိတ်စာလည်း ရနိုင်တာမို့ ကျီးလန့်စာစားဘဝများ။ ဒီလောက် ပင်ပန်းဆင်းရဲခြင်းဒဏ် ကော့နေအောင် ခံနေရတဲ့ ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်နိုင်ကြဦးမှာလား၊ ပြည်သူတွေ သွေးအေးနေပြီလားလို့ အတွေးနက်ကြရတယ်။
ပြီးတော့ ပိုပြီး ဖိအားကြီးရတာက တရားမဝင်ရွေးကောက်ပွဲနားနီးတဲ့အချိန် ထိုးစစ်ဆင်မဲ့ အသံတိတ် သပိတ်တိုက်ပွဲ။ အခု ၂၀၂၅ ဒီဇင်ဘာ အသံတိတ်သပိတ်ရဲ့ တိုက်ပွဲခေါ်သံက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်လွှတ်၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး ဆန့်ကျင်သပိတ်မှောက်၊ အဓမ္မစစ်မှုထမ်းဥပဒေကို လုံးဝ ဖျက်လို့ ကြွေးကြော်ခဲ့ပေမဲ့ လက်တွေ့ကျပြီး အရေးကြီးတဲ့ တကယ့်အချိတ်အဆက်က တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရေး။ တကယ်မို့ အသံတိတ်သပိတ်သာ အလုပ်မဖြစ်ခဲ့ရင် တပ်ဦးကျိုးသလို ဖြစ်သွားနိုင်တာကြောင့် ဖိအားလည်း ကြီးခဲ့တဲ့ အသံတိတ်သပိတ်။
၅ ရက်သာ အချိန်ပေးတဲ့ ကောင်းကျိုးတကွက်က စစ်ကော်မရှင်ဘက်က ခြိမ်းခြောက် သေနတ်ထောက် ဆူးငြောင့်ခလုတ်တွေ ဆင်ဖို့ ပြင်ဆင်ချိန် နည်းသွားခြင်းပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်၊ အသံတိတ်သပိတ်တုန်းကလို Non CDM ဝန်ထမ်းတွေကို အပြင်ခေါ်ထုတ်၊ ပျော်ပွဲရွှင်ပွဲလုပ်၊ ဆိုင်တွေ မဖွင့်ရင် ရာသက်ပန်ဆိုင်ပိတ်ရုံတင်မက လူကိုလည်း ဖမ်းမယ်ဆိုတာမျိုး မြို့စုံရွာစုံ စေ့စေ့ပေါက်ပေါက် မလုပ်နိုင်။
ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာ ၁၀ ရက် မနက်ရောက်တော့ တထိတ်ထိတ်နဲ့ စောင့်ကြည့်မိတယ်။ မြန်မာစံတော်ချိန် မနက် ၁၀ နာရီခွဲတဲ့အထိ ဖေ့စ်ဘွတ်ခ်ရင်ပြင်ပေါ် တိုက်ပွဲဝင်ဓာတ်ပုံတွေ တက်မလာသေးတာကြောင့် ထိုင်ရမလို ထရမလိုနဲ့ ကယောက်ကယက်။ ရန်ကုန်မြို့ပေါ်မှာ ထင်ရာစိုင်းနေတဲ့ သူငယ်ချင်းဆီကို လှမ်းဟိုင်းကြည့်တော့ ရီပလိုင်း ပြန်မလာ၊ လိုင်းပေါ်မှာကို မရှိ။
၁၁ နာရီကျော်လောက်မှ AAMIJ News ရဲ့ သတင်း ‘ရန်ကုန်က အသံတိတ်သပိတ်မှာ ပြည်သူများ ပါဝင်’ တဲ့။ လမ်းပေါ်မှာ ကားနည်းနည်းရှိတာကလွဲ လူတွေ ပြောင်ရှင်းနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို မြင်လိုက်ရမှ သက်ပြင်းကို မရဲတရဲ ချရတယ်။
အဲဒီနောက် တောက်လျှောက်ဆိုသလို တက်လာတဲ့ မြို့အသီးသီးက ချောက်ချားဖွယ် တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်။ နိုင်ငံအနှံ့ မြို့ကြီးတွေလည်းမနည်း၊ မြို့ငယ်တွေလည်း အင်နဲ့အားနဲ့။ ဖိနှိပ်မှု ထန်ပြင်းပြီး သေနတ်သံတွေနဲ့ မျက်နှာသစ်၊ အိပ်ရာဝင်နေရတဲ့ မုံရွာမြို့ကြီးရဲ့ လမ်းမတွေပေါ်တောင် ချောက်ချောက်ချားချား ပြည်သူတို့ ဟားတိုက်ခဲ့ကြတယ်။ စစ်တပ်ရဲ့ အသည်းနှလုံး ပြင်ဦးလွင်မြို့မှာလည်း လမ်းမပေါ် လူသူ ပါးပါး။ စစ်တပ် ပြန်သိမ်းထားတာ မကြာသေးတဲ့ မိုးကုတ်မြို့မှာတောင် ပြတ်ပြတ်သားသား အပြင်မထွက်ဘဲ လက်သီးကို ကျစ်ကျစ်ပါ။ နေပြည်တော် လမ်းမပေါ် ချောက်ချားနေတဲ့ ပုံနည်းနည်းလည်း တက်လာတယ်။
နေ့ခင်း ၁၂ နာရီကျော်တော့ ရန်ကုန်မြို့နေ သူငယ်ချင်းက လှမ်းဖုန်းဆက်တယ်။
“လိုင်းကားပေါ်တက်တာနဲ့ ကားသမားက ကပ်ပြီး ပြောတယ်။ အစ်ကို၊ အနောက်မှာ ဟိုကောင်တွေ ရှိတယ်။ ဓာတ်ပုံ မရိုက်မိစေနဲ့တဲ့။ ကားနောက်ဆုံးတန်းကို ကြည့်လိုက်တော့ ပျူလို့ထင်တာပဲ။ အနောက်ကနေ ဘယ်သူ ဘာလုပ်မလဲ၊ ရှိုးနေတယ်။ ကားပေါ်မှာလည်း လူနည်းနည်းပဲရှိတယ်”လို့ သူငယ်ချင်းက ဆိုတယ်။ CCTV တပ်ထားတဲ့ လိုင်းကားတွေကျတော့လည်း စစ်အုပ်စုဝင်တွေက အဲဒီကင်မရာနဲ့ ချိတ်ဆက်ကာ စောင့်ကြည့်နေတယ်လို့ သူက ဆက်ပြောတယ်။
“စစ်တပ်က ခြေထိုးခံတဲ့အကွက်တွေ သိပ်များများစားစား လုပ်တာမတွေ့ရဘူး။ ဒါပေမဲ့၊ အသံတိတ်သပိတ်ကို ဓာတ်ပုံရိုက် လိုင်းပေါ်တင်တာတွေ မဖြစ်အောင်တော့ တော်တော်စောင့်ကြည့်တယ်။ အဲဒါကြောင့်လည်း တချို့မြို့သေးတွေဆို အသံတိတ်သပိတ် အောင်မြင်ပေမဲ့ ပုံတွေ လိုင်းပေါ်တက်မလာတာ”လို့ ရန်ကုန်မှာ မွှေနှောက်နေကျ သူငယ်ချင်းက သူ့အမြင်ကို ပြောပြတယ်။
စစ်တမ်းအတိအကျနဲ့ အခိုင်အမာထုတ်မပြောနိုင်ကြပေမဲ့၊ အရင့်အရင် အသံတိတ်သပိတ်တွေလို လမ်းမတွေပေါ် ကားရော လူပါ လုံးဝ ပြောင်သလင်းနေတာမျိုး မဟုတ်ပေမဲ့ ဒီတချီလည်း အသံတိတ်သပိတ် အောင်မြင်တယ်ဆိုတာ သိပ်သေချာတယ်။ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် ပြည်သူတွေ အသံတိတ် တကွက်ပြလိုက်ပြန်တယ်။ တရားမဝင်ရွေးကောက်ပွဲနီးမှ နိုင်ငံတကာအလယ်မှာ စစ်ဗိုလ်ချုပ်တွေ ကွင်းလုံးကျွတ်ကျပြန်တယ်။ အသံတိတ်တိုက်ပွဲအပြီး ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းမှာ တောင်ဒဂုံ၊ ၅၄ ရပ်ကွက်ထဲ တုတ်၊ ဓား ကိုင်ထားတဲ့ အရပ်ဝတ်တချို့ ဝင်ချလာပြီး ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ကြိမ်းမောင်းခြိမ်းခြောက်ကာ ငွေတောင်းရမ်းခဲ့တယ်လို့ မီဒီယာဖော်ပြချက်ကို တွေ့ရတယ်။ ဒီဇင်ဘာ ၁၀ ရက်၊ ညဘက်ကျတော့ သင်္ဃန်းကျွန်း၊ ဦးစံဖေရပ်ကွက်ထဲက အသံတိတ်သပိတ်အချိန်အတွင်း ပိတ်ထားတဲ့ ဆိုင်ခန်းရှင်တွေကို ရပ်ကွက်ရုံးခေါ်ကာ တဆိုင် ကျပ် ၃ သိန်း ခြိမ်းခြောက်တောင်းရမ်းတယ်လို့လည်း ဆိုတယ်။ ဆိုင်ပိတ်ရင် ထောင်ကျသွားနိုင်တဲ့ အခြေအနေမှာတောင် သွေးရဲလွန်းလှတဲ့ ပြည်သူတို့ရဲ့သတ္တိ မချီးကျူးဘဲ မနေနိုင်။
၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို ပြန်သတိရမိတယ်။ NLD ပါတီကို ပြည်သူတွေ ဒီလောက်ပုံအော မဲပေးလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တွက်ထားမိပုံမပေါ်။ ပြည်သူတဦးချင်းစီ ကိုယ်တိုင်ကလည်း မထင်။ မဲရလဒ် ထွက်လာတော့မှပဲ ပြည်သူတို့ရဲ့ ညီညွတ်မှုအားကို မှင်တက်။ အခုလည်း ထို့အတူ။
အသံတိတ်တိုက်ပွဲရဲ့ ခမ်းနားတဲ့အောင်မြင်မှုက ရွေးကောက်ပွဲကို ဆက်သပိတ်မှောက်ဖို့ အားတခု ဖြစ်စေတယ်။ လက်ရှိ ပြည်ပရောက်မြန်မာတွေကို စစ်ကော်မရှင်သံရုံးတွေမှာ ကြိုတင်မဲပေးခိုင်းရာမှာ လက်ချိုးရေလို့ရတဲ့အဆင့်၊ မဲလာပေးသူနည်းကြောင်း မီဒီယာတွေက ဖော်ပြကြတယ်။
ခိုင်မာတဲ့ သက်သေတရပ်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ကြိုတင်မဲပေးမှုအခြေအနေ။ ပထမ၊ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကြိုတင်မဲပေးကြပါလို့ဆိုတော့ မဲလာပေးကြတာ ၂၅ ယောက်ထက်မကျော်။ ဒါနဲ့ အခြေအနေမဟန်လို့ နောက်ထပ် ၅ ရက် သက်တမ်းတိုးတော့လည်း ကြိုတင်မဲလာပေးသူ ၅၀ ပင်မရှိ။ ဘာကြောင့် အဲဒီလောက် အတိအကျ ပြောနိုင်တာလဲဆိုတော့ မဲပေးရမဲ့ဆိုးလ်မြို့က စစ်ကော်မရှင်သံရုံးနားမှာ ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြ စောင့်ကြည့်နေတာကြောင့်ပါပဲ။ DVB သတင်းဌာနက တောင်ကိုရီးယားမှာ EPS စနစ်နဲ့ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈၀,၀၀၀ ထက်မနည်း ရှိတယ်လို့ ဆိုတယ်။ တခြားနည်းလမ်းနဲ့ ရောက်ရှိနေသူတွေပါ ထည့်ပေါင်းလိုက်ရင် တသိန်းဝန်းကျင်။ မြန်မာတသိန်းလောက် ရှိတဲ့အထဲ ကြိုတင်မဲပေးသူက အယောက် ၇၀ ဝန်းကျင်ပဲ ရှိခြင်းဟာ တရားမဝင်ရွေးကောက်ပွဲအပေါ် ပြည်သူတို့ရဲ့ သဘောထားကို ထင်ဟပ်စေတယ်။
မဲစာရင်း ၂ ကြိမ်ကပ်ရာမှာ ၂ ကြိမ်စလုံး ပြည်သူတွေ အဖက်လုပ် သွားမကြည့်ခဲ့တာ၊ အသံတိတ်သပိတ် အောင်မြင်ခဲ့တာနဲ့ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲမပေးခဲ့တာတွေကို စုရုံးကောက်ချက်ချရရင် ဒီဇင်ဘာ ၂၈ ရက်၊ တရားမဝင်ရွေးကောက်ပွဲနေ့မှာလည်း ဖိအားပေး ခြိမ်းခြောက်မှုတွေ မရှိခဲ့ရင် ပြည်သူတွေမဲမပေးကြမှာ သိပ်သေချာနေတယ်လို့ ရဲရဲကြီး ပြောနိုင်တယ်။
နိုဝင်ဘာ ၂၃ ရက်၊ မအူပင်ခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲပေး၊ မပေးက ပြည်သူတွေရဲ့ သဘောထားလို့ ပြောကြားခဲ့ဖူးတယ်။ ဆိုလိုတာက ပြည်သူတွေ စိတ်ထဲရှိတဲ့အတိုင်း မဲမပေးလည်း ဘာမှမဖြစ်ဘူးလို့ ဆိုလိုပုံ။ မဲပေးသူရာခိုင်နှုန်း အနည်းဆုံး ဘယ်လောက်ရှိမှ ရွေးကောက်ပွဲ အထမြောက်တယ်ဆိုတာမျိုး ရွေးကောက်ပွဲဥပဒေမှာ မရှိတာကြောင့် ပြည်သူတွေ မဲလာမပေးလည်း ရွေးကောက်ပွဲက မပျက်။
ပြီးတော့ ပြည်သူတွေ မဲထွက်မပေးရင် စစ်အုပ်စုရရှိနိုင်တဲ့ အကျိုးရလဒ်က ကြံ့ဖွံ့ပါတီ အပြတ်အသတ်အနိုင်ရဖို့ များခြင်းပါပဲ။ ဘာလို့ဆိုတော့ ပြည်သူတွေ မဲထွက်မပေးလည်း ကြံ့ဖွံ့အမာခံပရိသတ်တွေ က မဲထွက်ပေးမှာ သေချာနေလို့ပါပဲ။
အကယ်၍ ပြည်သူတွေသာ မဲထွက်ပေးခဲ့ရင် ကြံ့ဖွံ့ကိုမပေးဘဲ တခြားပါတီတစ်ခုခုကိုသာ မဲပေးနိုင်ခြေများတာကြောင့် အပြတ်အသတ်နိုင်ဖို့ မျှော်လင့်နေတဲ့ ကြံ့ဖွံ့အိပ်မက် မျက်ရည်တွေ အတောင့်လိုက် ကျသွားနိုင်ပါတယ်။ ဒါပေမဲ့၊ ပြည်သူတွေ မဲထွက်ပေးခဲ့ရင် စစ်ကော်မရှင် ရွေးကောက်ပွဲကို ပြည်သူတွေ တတပ်တအား ပါဝင်တယ်လို့ ကောင်းကောင်းဝါဒဖြန့်နိုင်မဲ့ အားသာချက်လည်း ရှိနေပြန်ပါတယ်။
ဆိုတော့ ရွေးကောက်ပွဲလည်း ရုပ်မပျက်၊ ကြံ့ဖွံ့လည်း အပြတ်အသတ်နိုင်ဆိုတဲ့ ငါတို့ချည်း အနိုင်ရလဒ်ရဖို့ စစ်ကော်မရှင်ဘက်က မယုတ်မလွန် ဖိအားပေးမှုမျိုး သုံးလာနိုင်ပါတယ်။ ဆိုလိုတာက ပြည်သူတွေ နင်လား ငါလား မဲထွက်ပေးတာမျိုး မဖြစ်အောင် လက်ကုန်ခြိမ်းခြောက်တာတွေ မလုပ်လောက်ဘူးလို့ ထင်ရပါတယ်။ ဒါမှမဟုတ်၊ တရားမဝင် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီအတိုင်း လွှတ်ထားပေးလိုက်ပြီး လူမလာလို့ အရှက်တကွဲဖြစ်တော့မှ နောက်ထပ်အပိုင်းတွေမှာ မဲလာပေးအောင် ဖိအားပေးခြိမ်းခြောက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။
သေချာတာက အသံတိတ်သပိတ်က ပြည်သူတွေကို ရဲဆေးတင်ပေးလိုက်တာကြောင့် ဖိအားပေး ခြိမ်းခြောက်တာတွေ မရှိရင် ဒီဇင်ဘာ ၂၈ ရက်မှာ တရားမဝင်မဲရုံတွေဟာ တစပြင် ဖြစ်သွားနိုင်ပါတယ်။
လင်းဆက်ငြိမ်းချမ်း


