
ရန်ကုန်မှာ ရဲစခန်း၊ မြို့နယ်ထွေအုပ်နဲ့ ကြံ့ခိုင်ရေးပါတီရုံးတွေ မကြာခဏ ဗုံးပေါက်နေတဲ့အတွက် ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေကို လုံခြုံရေးတိုးမြှင့်ချထားဖို့ စစ်ခေါင်းဆောင်က အမိန့်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက် နေ့လယ်က ရန်ကုန်တိုင်းရုံးမှာ တိုင်း၊ ခရိုင်နဲ့ မြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအတွက် ဗုံးပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေကို လုံခြုံရေးတိုးမြှင့်ချထားဖို့ အမိန့်ပေးခဲ့တာလို့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင် ရဲစခန်း၊ အုပ်ချုပ်ရေးရုံး နဲ့ ကြံ့ခိုင်ရေးပါတီရုံးတွေကို အဓိကထား စောင့်ကြည့်ဖို့၊ လိုအပ်ရင် လုံခြုံရေးတိုးမြှင့်ချထားဖို့ပြောတယ်။ လူစည်ကားရာ နေရာ နဲ့ စျေးတွေကို ဆန္ဒပြမှုတွေမဖြစ်အောင် စောင့်ကြည့်အဖွဲ့တွေထားဖို့ အမိန့်ပေးသွားတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ ရွှေပေါက်ကံ၊ မြောက်ဥက္ကလာ၊ မှော်ဘီ၊ လှည်းကူးနဲ့ သာကေတမြို့နယ်တို့မှာ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ ကြံ့ခိုင်ရေးရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ရာ ဒဏ်ရာရသူတွေရှိခဲ့ပြီးနောက် အခုလိုအမိန့်ထုတ်တာလို့ ထွေအုပ်ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ဗုံးပေါက်ကွဲတဲ့ ကိစ္စတွေမှာ လူထိခိုက်မှုမရှိဘူးလို့ မြို့နယ်နဲ့ရဲစခန်းက ဘယ်လိုနည်းနဲ့လိမ်ပြီး တင်တင် မင်္ဂလာဒုံစစ်ဆေးရုံက သေဆုံးဒဏ်ရာစာရင်းကို နေပြည်တော်ကို တိုက်ရိုက် သတင်းတင်နေတော့ လူကြီးတွေကသိတယ်။ နိုဝင်ဘာ နဲ့ ဒီဇင်ဘာလထဲမှာ ရန်ကုန်မှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့သူ ၅ ယောက်ရှိတယ်။”
ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ရွေးကောက်ပွဲ ပျက်ပြယ်သွားမှာ စစ်ခေါင်းဆောင် အကြီးအကဲတွေက စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တစ်ထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့အလုံမြို့နယ် ၁၂ မြို့နယ်သာ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်
ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


