
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိတ်မဝင်စားကြသလို မဲစာရင်းကြည့်မဲ့သူလည်း မရှိတဲ့အတွက် စစ်တပ်က ပြည်သူလူထုကို မဲစာရင်း အတင်းအကျပ် စစ်ဆေးကြည့်ရှုခိုင်းတာနဲ့ မဲပေးဖို့ ပညာပေးတာ၊ စည်းရုံးနှိုးဆော်တာတွေ တိုးပြီး လုပ်ဆောင်လာနေပါတယ်။
ဒီဇင်ဘာ ၂၈ ရက်ကစပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြုလုပ်မှာဖြစ်ပြီး အပိုင်း ၂ နဲ့ ၃ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလထဲ ပြုလုပ်သွားမှာပါ။
ကျင်းပမဲ့ရက် နီးကပ်လာပေမဲ့ ပြည်သူလူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု မရှိတဲ့အတွက် မဲပေးဖို့ နှိုးဆော်တာတွေ တိုးပြီးလုပ်ဆောင်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေးက ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်အခြေစိုက် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ ကိုရေဘဝဲက ရန်ကုန်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ မဲစာရင်းအတင်းသွားကြည့်ခိုင်းပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
“အာဏာသိမ်းစစ်တပ်ရဲ့ ၅ နှစ်တာကာလအတွင်း ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေ ကြားထဲကနေပြီးတော့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းစစ်ကြဖို့ကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ အထွေထွေအုပ်ချုပ်ရေးပေါ့နော် အုပ်ချုပ်ရေးအောက်က လူတွေကနေ ဖိအားပေးတာမျိုးတွေ၊ အောက်ခြေကနေစပြီး ဖိအားပေးတာမျိုးတွေ ရှိနေပါတယ်။ မဲစာရင်း အတင်းသွားကြည့်ခိုင်းတာမျိုးတွေ၊ မကြည့်ဘူးဆိုရင် ဘယ်လိုဖြစ်မယ်၊ ညာလိုဖြစ်မယ်ဆိုတဲ့ ဖိအားပေး ခြိမ်းခြောက်တာမျိုးတွေ ရန်ကုန်ရဲ့ မြို့နယ်တိုင်းလိုလိုမှာ ဖြစ်နေပါတယ်။ ပြီးကျတော့ အခြေခံလူတန်းစားတွေ ရှိတဲ့ မြို့နယ်တွေမှာဆိုရင် ပိုပြီးတော့ သိသာထင်ရှားပါတယ်။”
မန္တလေးဒေသခံ ကိုဇွဲ ကတော့ မဲပေးဖို့ နှိုးဆော်တာတွေ၊ လက်ကမ်းစာစောင်ဝေတာတွေလည်း ရှိသလို ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ မဲစာရင်းကိစ္စတွေကြောင့် အစိုးရဝန်ထမ်းတွေတောင် ဖိအားများလို့ နုတ်ထွက်တဲ့သူတွေတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုဇွဲက “မဲပေးဖို့ နှိုးဆော်တာ လက်ကမ်းစာစောင်ဝေတာတွေ ရှိတယ်။ ဒါပေမဲ့နော် လက်ကမ်းစာစောင်ဝေရင်း ဆိုင်ကယ်ပါ ဖမ်းရင် ဖမ်းတယ်။ သူတို့မြင်ရင်ကို ပြေးနေရတာ။ လက်ကမ်းစာစောင် ဝေတာလားမသိ အဖွဲ့လိုက်ကြီး ဆိုင်ကယ်ဖမ်းကြတာလား မသိနဲ့။ ပြီးတော့ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ မဲစာရင်းကိစ္စကြောင့် စစ်ကော်မရှင် အစိုးရရုံး၀န်ထမ်းတချို့၊ အတော်များများ ရုံးစာရေးတွေလိုပေါ့ နုတ်ထွက်စာတင်တာတွေတောင် ရှိခဲ့တယ်။ PDF က သတ်မှာကြောက်လို့ မဟုတ်ဘူး။ ဖိအားအရမ်းများလို့တဲ့။ စစ်ဖြစ်တဲ့နေရာက ဝန်ထမ်းစစ်ရှောင်တွေ ရှိတယ်လေ။ အဲဒါကို ကြိုတင်မဲထည့်ဖို့ စစ်မဖြစ်တဲ့ မြို့နယ်က ဝန်ထမ်းတွေက စာရင်းပြုစုပေးတာတွေ လုပ်ရတယ်လေ။ မိသားစုဝင်စာရင်းကအစ တချို့ရုံးတွေမှာ မိုးလင်းပေါက်တွေ လုပ်ခဲ့ကြရတာလေ။ အဲဒါ ဖိအားများလို့ဆိုပြီး ထွက်စာတင်ကြတာတွေလည်း ရှိခဲ့တယ်။”
ရန်ကုန်မှာ ဌာနဆိုင်ရာဝန်ထမ်းတယောက်ကို နေ့စားခ ကျပ် ၈,၀၀၀ နဲ့ စစ်ကောင်စီက ငှားရမ်းပြီးတော့ ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး လူတိုင်း မဖြစ်မနေ မဲပေးရေး လက်ကမ်းစာစောင်တွေ လိုက်ဝေခိုင်းတာတွေ ရှိခဲ့ပါတယ်။
မီးသတ်၊ ထွေအုပ်နဲ့ ပြန်ကြားရေးဝန်ထမ်းတွေက လက်ကမ်းစာစောင်တွေ လိုက်ဝေနေတာတွေကို တွေ့ခဲ့တဲ့ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။
Data for Myanmar ကတော့ စစ်အုပ်စုကပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် မဲပေးသူရာခိုင်နှုန်း မြင့်တက်စေဖို့ လူထုစည်းရုံးဆောင်ရွက်တာထက် ဖိအားပေးပြီး မဲထွက်ပေးခိုင်းနည်းကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေ အသုံးချလာတယ်လို့ “၂၀၂၅ ရွေးကောက်ပွဲ အကြိုကာလ အခြေအနေနှုန်းထား သုံးသပ်ချက်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြတ်သဇင်


