
အီသီယိုးပီးယားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားတယောက်ကို ဒီဇင်ဘာ ၁၁ ရက်က နေရပ်ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီသြဇာခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားကို အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားအကျိုးဝန်ဆောင်မှုဌာနနဲ့ အဒစ်အဘာဘာမြို့ အခြေစိုက် ကုလသမဂ္ဂလက်အောက်က နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့နဲ့ ညှိနိူင်းပြီး နေရပ်ပြန်ပို့ဖို့ စီစဥ်ခဲ့တာလို့ ဆိုပါတယ်။
နေရပ်ပြန်ပို့ပေးခဲ့ရတဲ့ မြန်မာနိုင်ငံသားရဲ့ နာမည်နဲ့ အီသီယိုးပီးယားနိုင်ငံကို ရောက်ရှိတဲ့ အကြောင်းအရင်းကိုတော့ အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။
အဲဒီမြန်မာနိုင်ငံသားကို ဒီဇင်ဘာ ၁၀ ရက် ညမှာ အဒစ်အဘာဘာ-ဘန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်နဲ့ ပြန်ပို့ပေးခဲ့တာလို့ အဒစ်အဘာဘာမြို့ စစ်ကောင်စီသံရုံးက ဆိုပါတယ်။
အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကဦးချိုဒေသက ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်ပြီး အာဖရိကရဲ့ ဒုတိယမြောက် လူဦးရေအများဆုံးနဲ့ ကမ္ဘာမှာ လူဦးရေအများဆုံး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်။
လူဦးရေများသလို ပြည်တွင်းပဋိက္ခတွေနဲ့ စီးပွားရေးအခြေအနေတွေကြောင့် အာဟာရပြတ်လပ်မှုတွေ မကြာခဏရှိနေတဲ့ နိုင်ငံတခုဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။


