
၂၀၂၅ ခုနှစ်ကုန်ခါနီးတွင် မြန်မာ့ပဋိပက္ခ အရှိန်မြင့်သထက် မြင့်လာချေပြီဖြစ်သည်။ တရားမဝင် အာဏာလုယူထားသည့် အကြမ်းဖက်စစ်အုပ်စုသည်လည်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဟူသည့် အဖွဲ့အစည်းအမည်များ ပြောင်းလဲကာ တရားမဝင် အာဏာကို ဆက်လက်စွဲကိုင်ထားဆဲ ဖြစ်သည်။
ထို့အပြင် ဒီမိုကရေစီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဖျက်ဆီးလျက်ရှိပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် တပ်မတော်က ဆောင်ရွက်နေရကြောင်းနှင့် ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း မျက်နှာပြောင်တိုက် ပြောဆိုလျက်ရှိသည်။
၂၀၂၅ နှစ်အကုန်နှင့် ၂၀၂၆ နှစ်ဆန်းပိုင်းများတွင်လည်း အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန်နှင့် ထိုရွေးကောက်ပွဲမှတဆင့် ပြည်သူ့အာဏာကို နိုင်ငံရေးနည်းလမ်းအရ ဆက်လက်စွဲကိုင်ရန် မသမာနည်းလမ်းစုံဖြင့် ကျားကုတ်ကျားခဲ ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ရက်စွဲဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအား အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မည်သည့် ရွေးကောက်ပွဲစနစ်တွင်မှ မရှိသည့် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်နိုင်လောက်သည့် ဥပဒေအဖြစ် ခြိမ်းခြောက် ပုံဖော်ထားသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် ရက်စွဲဖြင့် လက်နက်ကိုင်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေတည်ငြိမ်လုံခြုံအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အကြောင်းပြချက်ဖြင့် ပြည်ထောင်စုတဝန်းရှိ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားပြန်သေးသည်။ အဆိုပါ မြို့နယ်များသည်လည်း တရားမဝင် အာဏာလုစစ်တပ် ထိန်းချုပ်ရာ မြို့နယ်များနှင့် ထိန်းချုပ်စိုးမိုးနိုင်ခြင်း မရှိသည့် မြို့နယ်များ ပါဝင်နေသည်ကို တွေ့ရသည်။
ထို့အပြင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက် အာဏာလုစစ်တပ်၏ နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ အထူးသဖြင့် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနှင့် ရုရှား၊ မြောက်ကိုရီးယား၊ ဘယ်လာရုဇ် အစရှိသည့် နိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လာပြီး နိုင်ငံရေးဆိုင်ရာ တရားဝင်မှုနှင့် ပြည်ပအချုပ်အခြာအာဏာကို တည်ဆောက်ရန် ခြေလှမ်းများ ခပ်စိပ်စိပ် ဆောင်ရွက်လာသည်ကို တွေ့မြင်ရပေသည်။
ထို့အပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တရုတ်-မြန်မာစီမံကိန်းများ လုံခြုံရေးတို့အတွက် တရုတ်နိုင်ငံနှင့် နိုင်ငံရေးအပေးအယူများလုပ်ကာ ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်သုံးစစ် အမြစ်ဖြတ်ရေး ဆောင်ရွက်နေကြသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအား တရုတ်နိုင်ငံ၏ ပါဝင်စွက်ဖက်မှု အသာစီးဖြင့် စစ်ရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးတွင် အသာစီးရရှိရန် တဖန်ကြိုးစားလာသည်ကို အားလုံးသိမြင်ပြီးကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အာဏာလုယူမှုကို လက်မခံသည့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) စသည့် အဖွဲ့အစည်းများ အပါအဝင် မြန်မာ့ပဋိပက္ခတွင် သက်တမ်းရင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ သက်တမ်းနု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ အခြားသော နိုင်ငံရေးအင်အားစုများ၊ သပိတ်အဖွဲ့ဝင်များသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အာဏာလုယူမှုကို ခုခံကာကွယ်ရေး နည်းလမ်းဖြင့်တဖုံ၊ နိုင်ငံရေးနည်းနာဖြင့်တသွယ် ရရာနည်းလမ်း၊ တွေ့ရာနည်းနာများဖြင့် ၄ နှစ်ကျော်တိုင်တိုင် တော်လှန်နေကြဆဲ၊ တွန်းလှန်နေကြဆဲ ဖြစ်သည်ကို တွေ့ရပေသည်။
အကြမ်းဖက်စစ်အုပ်စု၏ လှုပ်ရှားဆောင်ရွက်မှုများ (ဥပမာ- အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု၊ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး) ကို ကန့်ကွက်နေကြ၊ ဆန့်ကျင်နေကြသလို ပြည်ပရှိ အင်အားစုများကလည်း ပြည်တွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ ဆောင်ရွက်ချက်မှန်သမျှ၊ တရုတ်နိုင်ငံ၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်စွက်ဖက်မှု မှန်သမျှ ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်စာ ပေးပို့ခြင်း၊ သပိတ်မှောက်ခြင်း၊ ကြွေးကြော်ဟစ်ကြွေးခြင်း စသည့် အကြမ်းမဖက် လှုပ်ရှားမှု နည်းနာအစုံဖြင့် အားရတက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်နေရပေသည်။
ထို့အပြင် ၁၀၂၇ ကဲ့သို့သော ပြည်ထောင်စုတဝန်း စစ်ဆင်ရေးကြီးများ၊ ဒေသဆိုင်ရာ ၁၁၁၁ ကဲ့သို့ စစ်ဆင်ရေးကြီးများကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ထိုစစ်ဆင်ရေးများကြောင့်ပင် အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေများစွာ လက်လွှတ်ဆုံးရူံးခဲ့ရပြီး ဖြစ်သည်။
ထို စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများသည် အားရလောက်ဖွယ် အရေးကြီးသည့် လှုပ်ရှားမှုများဖြစ်ပြီး တော်လှန်ရေးတွင် အရေးကြီးသည့် စုစည်းညီညွတ်မှုပါ ရရှိနိုင်ပါက တော်လှန်ရေး၏ အလှည့်အပြောင်း ဖြစ်ပေါ်လာနိုင်သည်အထိ အကျိုးကျေးဇူး များလာနိုင်မည် ဖြစ်သည်ကို ဝေဖန်ထောက်ပြလိုပေသည်။
မိမိတို့ နွေဦးတော်လှန်ရေးအတွင်းတွင် ပါဝင်နေကြသည့် အဖွဲ့အစည်းများသည် စုံလင်ကွဲပြားကြသည်။ နိုင်ငံရေးရည်မှန်းချက်များ စုံလင်ကြသည်။ ဒေသဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုများ စုံလင်ကွဲပြားကြသည်။ ထို့အပြင် အတွေးအခေါ်၊ အယူအဆ၊ ဘာသာစာပေ၊ ဖြတ်သန်းမှု၊ သမိုင်းကြောင်း စသည့် နယ်ပယ်စုံ၊ ကဏ္ဍစုံ စုံလင်ကွဲပြားကြသည်။ စုံလင်ကွဲပြားမှုသည် တော်လှန်ရေးအတွက် အရေးကြီးသည်။ ထို့ထက် ပိုအရေးကြီးသည်က ပါဝင်မှုဖြစ်သည်။ ထို့ကြောင့် စုံလင်ကွဲပြားမှုကို စီမံခန့်ခွဲနိုင်သည့် အရည်အချင်းရှိသည့် ဦးဆောင်မှုနှင့် ထိန်းသိမ်းကွပ်ကဲနိုင်သည့် စုပေါင်းပါဝင်မှုသည် အရေးအကြီးဆုံး ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရက D-day အား စက်တင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ကြေညာခဲ့ပြီး ခုခံကာကွယ်ရေးဆိုင်ရာ စစ်ပွဲကို စတင်ခဲ့သည်။ သို့သော် အားလုံးပါဝင်သည့် ခုခံကာကွယ်ရေးအဖြစ် ပုံဖော်ရန် အားနည်းခဲ့ပြီး ယနေ့အချိန်အထိ စုပေါင်းအင်အားဖြစ်ပေါ်လာရန် အခြေအနေမျိုး မတွေ့ရသေးပေ။ စုံလင်ကွဲပြားသည့် အင်အားစုများ ပါဝင်သည့် စုပေါင်းအင်အားတရပ် ဖြစ်ပေါ်လာရေးသည် အကြမ်းဖက်စစ်အုပ်စု၏ လှုပ်ရှားမှုမှန်သမျှ ဆန့်ကျင်တော်လှန်ရေးထက် ပိုမိုမဟာဗျူဟာကျပြီး လက်တွေ့ဆန်သည်ကို သတိချပ်သင့်သည်။
မြန်မာ့ပဋိပက္ခတွင် အကြမ်းဖက်စစ်အုပ်စုအား တစုတဖွဲ့ တော်လှန်ခြင်းထက် စုပေါင်းအင်အားဖြင့် တော်လှန်နိုင်ရေးသည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတိုင်း၏ အောင်နိုင်ရေးဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ဗဟိုချုပ်ကိုင်မှုကို ကောင်းစွာ စီမံခန့်ခွဲနိုင်ပြီး စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခအတွေ့အကြုံများကို အတွေ့အကြုံရှိရှိ ကိုင်တွယ်နိုင်ကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်ပြီးသား ဖြစ်ကြပေလိမ့်မည်။
သို့သော် တော်လှန်ရေးအင်အားစုများတွင် စုံလင်ကွဲပြားမှုကို စီမံခန့်ခွဲနိုင်သည့် ဦးဆောင်မှု အခန်းကဏ္ဍ အားနည်းလျက်ရှိပြီး သဘောထားကြီးမှုနှင့် စနစ်တကျ ကိုင်တွယ်နိုင်မှု အလေ့အထ အားနည်းနေသည်ကို စိတ်မကောင်းစွာ တွေ့မြင်ကြရပေသည်။ ထို့အပြင် ထက်မြက်ခေါင်းဆောင်မှု (Smart Leadership) ဆိုင်ရာ စုဖွဲ့ပြင်ဆင်မှုနှင့် စုပေါင်းအင်အားဆိုင်ရာ မဟာဗျူဟာနှင့် ပြင်ဆင်မှုများသည်လည်း အားနည်းနေသေးသည်။
ထို့အပြင် ပေါင်းစပ်နိုင်မှုသည်လည်း အရေးပါသည့် အခြေအနေ ဖြစ်သည်ကိုလည်း မေ့မထားကြရန် ထပ်လောင်းအသိပေးလိုပါသည်။ တော်လှန်ရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ကြီးငယ်တို့သည် သတင်းအချက်အလက် မျှဝေရေး၊ စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဒုက္ခသည် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် ပေါင်းစပ်နိုင်မှုသည် အလွန်အရေးကြီးကြောင်း ထောက်ပြ အကြံပြုလိုပါသည်။
ထို့အပြင် စုပေါင်းတွန်းလှန်နိုင်ပါမှ နိုင်ငံလွတ်မြောက်နိုင်မည်ဖြစ်ပြီး စုပေါင်းတော်လှန်ရေးအတွက် မဟာဗျူဟာနှင့် ခေါင်းဆောင်မှု ပျက်ကွက်ပါက နိုင်ငံနှင့် ပြည်သူများအားလုံး ကြီးမားသည့် ဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ကြီးမားသည့် ရွှေသတ္တုကြောကြီး ရှိသည် ဆိုကြပါစို့။ အဆိုပါ ရွှေသတ္တုကြောကြီးအား နေရာအနှံ့ ဟိုတကွက်၊ ဒီတကွက် တူးဖော်နေရင် မတွေ့နိုင်ပေ။ ထို့ကြောင့် ရွှေသတ္တုကြောကြီး၏ တည်နေရာပါရှိသည့် မြေပုံ လိုအပ်ပေသည်။ ထို့အပြင် မြေပုံရှိသော်ငြားလည်း မည်သူများက တူးမည်ကို ရှင်းလင်းစွာ စီမံခန့်ခွဲမှု မပေးနိုင်ပါကလည်း ရွှေသတ္တုကြောကြီးနှင့် ဝေးပေလိမ့်မည်။ ထို့ကြောင့် မြေပုံ၊ စီမံခန့်ခွဲမှုနှင့် လုပ်အားတို့ လိုအပ်ပေသည်။
ထို့အပြင် နည်းပညာအား၊ စက်ယန္တရား၊ ကိရိယာတန်ဆာပလာ စသည်တို့လည်း လိုအပ်ပေသည်။ ထို့အပြင် အဆိုပါလိုအပ်ချက်များသည်လည်း ပေါင်းစပ်အလုပ်လုပ်နိုင်မှ သို့တည်းမဟုတ် စီမံခန့်ခွဲမှုအား စနစ်တကျ ဆောင်ရွက်နိုင်ပါမှ တန်ဖိုးရှိသည့်အရာအား ရရှိနိုင်မည်။ ဒါ့ကြောင့် ဒီမိုကရေစီ အခြေခံသည့် နိုင်ငံသားဗဟိုပြု ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဖော်ဆောင်ရန် တော်လှန်နေသည့် ရွှေသတ္တုကြောကြီးနှင့် ပမာတူသည့် နွေဦးတော်လှန်ရေးတွင်လည်း မြေပုံနှင့်တူသည့် နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူသားအရင်းအမြစ်နှင့် တူသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် ခုခံကာကွယ်ရေး အဖွဲ့အစည်းများသည် နယ်ပယ်အလိုက်၊ ဒေသအလိုက် (မြို့နယ်အဆင့်မှသည် ဖက်ဒရယ်ယူနယ်/ပြည်နယ်အဆင့်အထိ) အဆင့်တိုင်းတွင် စုစည်းကြရပေလိမ့်မည်။ ညှိနှိုင်းကြရပေလိမ့်မည်။ ထို့အပြင် နယ်ပယ်အလိုက်၊ ဒေသအလိုက် (မြို့နယ်အဆင့်မှသည် ဖက်ဒရယ်ယူနစ်/ပြည်နယ်အဆင့်အထိ) အဆင့်တိုင်းတွင် ပေါင်းစပ်နိုင်ကြမှသာ နွေဦးတော်လှန်ရေး အောင်မြင်နိုင်ပေလိမ့်မည်။
အဖွဲ့အစည်းတိုင်းတွင် ကိုယ်ပိုင်ရည်မှန်းချက်၊ မူဝါဒများ ရှိကြပေလိမ့်မည်။ ထို့အပြင် စုံလင်၍ ကွဲပြားနိုင်ပေလိမ့်မည်။ အဆိုပါ တဖွဲ့ခြင်း၏ ရည်ရွယ်ချက်များနှင့် ပြည်သူလူထု၏ အကျိုးစီးပွား ယှဉ်လာပါက ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ရှေးရူကြရပေလိမ့်မည်။ ပြည်သူလူထု အကျိုးစီးပွားသည် အဖွဲ့အစည်းတိုင်း၏ ဘုံအကျိုးစီးပွါးဖြစ်သည်ကို မေ့မထားကြရန် တွန်းတွန်းတိုက်တိုက် သတိပေးလိုသည်။
ပြည်သူလူထု၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်းကို တရားမဝင် အာဏာလုယူထားသည့် အကြမ်းဖက်စစ်အုပ်စုက ဆောင်ရွက်နေသည်။ ပြည်သူလူထု၏ ဒုက္ခနှင့် သောကများ တိုးပွားလာစေရန် စစ်သုံးစစ်က ပြုပြင်စီရင်ပေးနေသည်။ ထို့ကြောင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီး ဆောင်ရွက်နေသည်မှာ အကြမ်းဖက်စစ်တပ်၊ စစ်အာဏာရှင်စနစ် အစရှိသည့် စစ်သုံးစစ် ဖြစ်သည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများ၏ ဘုံရည်မှန်းချက်သည် စစ်သုံးစစ် အမြစ်ဖြတ်ရေး ဖြစ်ကိုဖြစ်ရပေမည်။ ပြည်ထောင်စု၏ မည်သည့်နေရာ၊ မည်သည့်အတွေးအခေါ်၊ ရည်မှန်းချက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါစေ နိုင်ငံတော် တနည်း ပြည်သူ၏ အကျိုးစီးပွားအတွက် အတားအဆီး၊ ဒုက္ခပေးနေသည့် စစ်သုံးစစ် အမြစ်ဖြတ်ရေးကို ဦးစားပေးကြရပေမည်။ ထိုသို့ ဦးစားပေးကြရာတွင်လည်း တော်လှန်ရေးအတွင်းရှိ အဖွဲ့အစည်းများ၏ စုပေါင်းအင်အား ဖြစ်ပေါ်လာစေရေး မဟာဗျူဟာနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ပြုပြင်ကြရပေမည်။ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့အတွက် အားလုံးပါဝင်သည့် မူဘောင်များ ဆွေးနွေးကြရန်၊ အကြံပြုချက်များ တောင်းခံကြရန်နှင့် အသွင်ပြောင်းကြရန် အထူးအရေးကြီးပါသည်။ သတ္တိနှင့် စိတ်စေတနာရှိဖို့လည်း အထူးလိုအပ်သည်။ စနစ်တကျ ဆောင်ရွက်ခြင်းနှင့် အားလုံးပါဝင်ခြင်း ဟူသည့် အခြေခံမှစတင်၍ စေတနာမှန်မှန် စိတ်သားသန်သန် ဆောင်ရွက်ပါက ရလဒ်ထွက်ရမည်မှာ ဧကန်မလွဲဖြစ်သည်။ စုပေါင်းအင်အား တည်ဆောက်နိုင်ရန်အတွက် တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းဟု ခံယူထားသည့် အဖွဲ့အစည်းများအနေဖြင့် လုပ်ရဲကိုင်ရဲရန်နှင့် စကားပြောဆို ဆွေးနွေးနိုင်ရန်အတွက် စုပေါင်းအင်အား ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းမူဝါဒများ၊ ကော်မတီများနှင့် အလုပ်အဖွဲ့များ ဖော်ဆောင်ကြရန် လိုအပ်ပေသည်။ ထိုမှသာ အမျိုးသားညီညွတ်ရေး ဖြစ်လာနိုင်ပေလိမ့်မည်ဖြစ်ကြောင်း စိုးရိမ်တကြီး တင်ပြလိုက်ရပါသည်။
ဂျေဆန်


