
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်၊ ဧပြီလတုန်းက အသက် ၈ နှစ်အရွယ် ယောကျ်ားလေး တယောက်ကို သတ်ဖြတ်ခဲ့မှုအတွက် မြန်မာနိုင်ငံသားတယောက်က အပြစ်ရှိကြောင်း ကွာလာလမ်ပူတရားရုံးချုပ်မှာ ဝန်ခံလိုက်တယ်လို့ Bernama News မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသားရဲ့ အမည်ကိုတော့ အသက် ၂၃ နှစ်အရွယ် ဟရန်တလင်းထန်လို့ သတင်းမှာ ဖော်ပြထားပြီး ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်တဲ့ ကြားနာမှုအတွင်းမှာ တရားသူကြီးရဲ့ ရှေ့ မှောက် တရားရုံးစကားပြန်က စွဲချက်ကိုဖတ်ပြပြီးနောက်မှာ သူ့ရဲ့အပြစ်ကို ဝန်ခံခဲ့တာ လို့ ဆိုပါတယ်။
စွဲချက်အရ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်မနက် ၁၁ နာရီနဲ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ကြားမှာ ကွာလာလမ်ပူမြို့က နေအိမ်တလုံးမှာ မြန်မာကလေးငယ် တယောက်ကို သတ် ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီအမှုအတွက် သူ့ကို မလေးရှားနိုင်ငံရဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်ကတော့ သေဒဏ် ဒါမှမဟုတ် အနှစ် ၄၀ အထိ ထောင်ဒဏ်ချ မှတ်ခံရမှာဖြစ်ကာ သေဒဏ်မချမှတ်ခဲ့ရင်တော့ ကြိမ်ဒဏ် အနည်းဆုံး ၁၂ ချက်အထိ ကျ ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့က ပြုလုပ်ခဲ့တဲ့ တရားခွင်မှာတော့ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးမဲ့ ရှေ့နေမရှိခဲ့တာကြောင့် ဒုတိယအစိုးရရှေ့နေက အမှုရဲ့ အကြောင်းအရာအချက်အလက်တွေ တင်ပြဖို့နဲ့ အမိန့်ချမှတ်နိုင်ဖို့အတွက် ရုံးချိန်းအသစ် ထပ်မံ တောင်းဆိုခဲ့တာ တရားသူကြီးက လာမဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်ကို ရုံးချိန်းအဖြစ် သတ်မှတ် ပေးထားတယ်လို့ သိရပါတယ်။
Ref: Bernama News


