
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီ လက်ထက်တုန်းက ဝန်ထမ်းအိမ်ရာထဲကို ဗုံးကြဲသွားတာပေါ့။ ဝန်ထမ်းအိမ်ရာ ပျက်စီးတာတော့ရှိတယ်။ အရပ်သားတွေက စစ်ကောင်စီဝန်ထမ်းအိမ်ရာထဲ ဝင်နေတာ” လို့ DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီဟာ စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်သေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် ၄ ယောက် ဒဏ်ရာသလို နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာလည်း စဉ့်ကူးမြို့နယ် ဝါးရုံကုန်းရွာ ဘုန်းကြီးကျောင်းကို မိထ္ထိလာကတက်လာတဲ့ တိုက်လေယာဉ်တစီး နဲ့ ဗုံး ၂ ကြိမ်ကြဲတာကြောင့် အရပ်သား ၅ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေပြီး စဉ့်ကူးမြို့ရဲ့ တောင်ဘက် ကျေးရွာနှစ်ရွာကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လည်သိမ်းပိုက်လိုက်တာကြောင့် မြို့နဲ့ ၁၀ မိုင်အကွာကို ရောက်ရှိလာပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေဟာ ဒီဇင်ဘာလဆန်းကစလို့ စဉ့်ကူးနယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မန္တလေး-မြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့ တရော်ပင်နဲ့ ရွှေပြည်ကျေးရွာတွေကို ပြန်လည်သိမ်းယူသွားတာဖြစ်ပါတယ်။


