
မကြာခင် ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ သဟဇာတ ဖြစ်တဲ့ ပါတီကိုသာ မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာရှိသလို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလို ပြောဆိုခြိမ်းခြောက်တာဟာ ရွေးကောက်ပွဲက မျှတမှာ မဟုတ်ဘူးဆိုတာ သက်သေ ထပ်ပြလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီဆီကနေ သမ္မတနေရာအပါအဝင် သူတို့လိုချင်တဲ့ ရာထူးနေရာတွေ တောင်းဆိုခဲ့ပြီး မရလို့ အာဏာသိမ်းခဲ့တာလို့ အဲဒီအခြေအနေကို သိခဲ့တဲ့ နိုင်ငံရေးသမားတွေက ထုတ်ပြောကြတာတွေရှိပါတယ်။
အခုလို စစ်တပ်နဲ့ ကြံ့ခိုင်ရေးက သူတို့နဲ့ သဟဇာတ မဖြစ်ရင် ချက်ချင်းပြုတ်ကျမယ်ဆိုတဲ့ ပြောထားတဲ့အတွက် စစ်တပ်က မကြာခင် လုပ်တော့မယ့် ရွေးကောက်ပွဲမှာရော ပြည်သူတွေသာ မဲပေးရင် မဲပေးတဲ့ အစိုးရက အာမခံချက်ရှိနိုင်ပါရဲ့လား။
ပြည်သူ့ပါတီ ဗဟိုအတွင်းရေးမှူး ဦးကျော်ကျော်ထွေးက “ခြိမ်းခြောက်မှု တခုလို့တော့ ပြောလို့ ရတာပေါ့နော်။ ငါတို့ ကြိုက်တဲ့ ရလဒ်မရရင် ဒီရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ ပုံစံမျိုး သွယ်ဝိုက်ပြီးတော့ ခြိမ်းခြောက်မှု ရှိတာပေါ့။ အဓိကကတော့ ပြည်သူပါပဲ၊ ပြည်သူတွေ ဘယ်လောက်ထိ မဲပေးမလဲ၊ ပြောရရင်တော့ ပြည်သူတွေ ထွက်ပြီး မဲပေးအောင်တောင် ကျနော်က မနည်းစည်းရုံးနေရတာ။ ကိုယ့်ကို မဲပေးဖို့ မပေးဖို့ အသာထားဦး၊ ပြည်သူတွေ ရွေးကောက်ပွဲပေါ်မှာ အာရုံစိုက်အောင် ရွေးကောက်ပွဲ နိုင်ငံရေးကို ဖြတ်သန်းလို့ရအောင် ကျနော်တို့မှာ တော်တော်လေး တွန်းတွန်းတိုက်တိုက်ပေါ့နော်၊ လုပ်နေရတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း အောက်ခြေအဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကြောင့် လာမဲ့ ရွေးကောက်ပွဲအပေါ် လွတ်လပ်ပြီး တရားမျှတမယ်လို့ မျှော်လင့်ကြောင်း သူက ပြောဆိုပါတယ်။
စစ်ခေါင်းဆောင်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ ပြောဆိုမှုတွေဟာ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာကို ထပ်ပြီး ဖော်ပြလိုက်တာလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသုံးသပ်သူတယောက်ကလည်း ပြောပါတယ်။
“ရွေးကောက်ပွဲလို့ ပြောပေမယ်လို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရှိမနေဘူး။ ရွေးကောက်ပွဲလို့ ပြောပေမယ်လို့ စစ်တပ်ကို လွတ်လွတ်လပ်လပ် ဝေဖန်လို့ ရမနေဘူးဆိုရင် ဒါ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဟုတ်မနေဘူးပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲမှာ မဲထည့်မဲ့ ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ပါတီတွေ၊ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအတွက်ပါ သူတို့ရဲ့ နိုင်ငံရေး အခွင့်အရေးတွေ ဆုံးရှုံးပြီးတော့မှ ဝင်ပြိုင်နေရတယ်ဆိုတာမျိုးကိုလည်း ထင်ဟပ်ပြနေတယ်လို့ မြင်ပါတယ်။”
လွတ်လပ်သော ရွေးကောက်ပွဲများ အာရှကွန်ရက် (အန်ဖရယ်) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲလေ့လာသုံးသပ်သူ အမ်မာအယ်လ်ဗီယာကလည်း လာမဲ့ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတဲ့ ပါတီတွေဟာ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ထားတဲ့ ဒါမှမဟုတ် မြှောက်စားထားတဲ့ ပါတီတွေသာ ဖြစ်ပြီး အဲဒီပါတွေအတွက်လည်း သေချာမှု မရှိဘူးလို့ဆိုပါတယ်။
ANFREL ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲလေ့လာသုံးသပ်သူ အမ်မာအယ်လ်ဗီယာက “ဒီရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီက အပြင်းအထန် စိစစ်ခဲ့ပြီး ပါတီစုံ ဒီမိုကရေစီရဲ့ မျက်နှာစာတခု ဖန်တီးဖို့အတွက် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ထားတဲ့ ဒါမှမဟုတ် မြှောက်စားထားတဲ့ ပါတီတွေ ဒါမှမဟုတ် ကြားခံပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ နီးစပ်တဲ့ မဟာမိတ်တွေတောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ခေါင်းဆောင် သက်သက်ခိုင် ကို အောက်တိုဘာလမှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် သင်ဟာ စစ်ကောင်စီနဲ့ နီးစပ်ရင်တောင် ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲအတွင်း ဒါမှမဟုတ် ရွေးကောက်ပွဲပြီးနောက် အလွယ်တကူ ပယ်ချခံရနိုင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီ ၆ ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၁၀ ရက်ကလည်း မြန်မာနိုင် အနှံ့အပြားမှာ အသံတိတ်သပိတ်ဆင်နွှဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြပါတယ်။
မြတ်သဇင်


