စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံတယောက်က “ဒီနေ့က မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတာ ၅ နှစ်ပြည့်ပြီ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ လည်း စစ်အာဏာသိမ်းတာကို လုံးဝ လက်မခံတဲ့အတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတာ ၅ နှစ်ပြည့်လာပြီ ဖြစ်တယ်။ ကျနော်တို့ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့လည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ် မပြုတ်ကျမချင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ အားလုံး အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ကြရအောင်လို့ တိုက်တွန်းပါတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တာ ၅ နှစ်ပြည့်တဲ့အထိ ပြည်သူလူထုက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် တော်လှန်နေခဲ့ကြပြီး အာဏာရှင်မကျဆုံးသရွေ့ သွေးမအေးဘဲ ကြိုးစားကြဖို့လည်း ရဲဘော်တယောက်က တိုက်တွန်းပါတယ်။
“ဒီနေ့ အာဏာသိမ်းတာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ ကျမတို့ ဖားကန့်နေ ပြည်သူလူထုတွေအနေနဲ့ အာဏာရှင်စနစ်ဆိုးကို တော်လှန်နေဆဲ ပုန်ကန်နေဆဲပါ။ နေရာဒေသအသီးသီး ကဏ္ဍအသီးသီးကနေ တိုက်ပွဲဝင်နေတဲ့ ရဲဘော်မောင်မယ် အားလုံးကိုလည်း လေးစားလျက်ပါ။ အာဏာရှင်မကျဆုံးသရွေ့ အားလုံးအတူတူ သွေးမအေးဘဲ ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။”
ဒီနေ့မနက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ စစ်တပ်က ပြန်လည်ဖော်ဆောင်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံစီမံကိန်းကိုလည်း ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ဖားကန့်မြို့ပေါ်မှာ စစ်တပ်က ဇန်နဝါရီ ၂၅ ရက် ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်ခဲ့ချိန်မှာ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့သလို အခုတကြိမ် စစ်တပ်က တဖန် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဇန်နဝါရီ ၃၁ ရက် မနက်အထိ ပြင်းထန်နေပါတယ်။
ဇန်နဝါရီ ၃၀ ရက် ညက ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ယူမာဘက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အကြမ်းဖက် စစ်ကောင်စီတပ်က မနေ့တုန်းက ညနေပိုင်းကနေ KIA, KPDF တွေ နေရာယူထားတဲ့ ယူမာ၊ ဂျန်ဂတ်၊ ထုံးဘိုတဝိုက် အဲဗားတောင်၊ အဲဒီဘက်တကျောကို စစ်ကြောင်းထိုးလာတာ။ မနေ့ညနေကနေ လက်နက်ကြီးတွေ သေနတ်တွေ အပြန်အလှန်ပစ်ခတ်ကြတာပေါ့။ ၃၁ ရက်နေ့လည်း တနေကုန် တညလုံး ချကြတာ။ လက်နက်ကြီးပစ်တာ အလုံး ၁၅၀-၂၀၀ ကြားလောက် ရှိမယ်။ အဓိက သူတို့ ယူမာဘက်ကနေ ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးချင်တာ ထင်တယ်။ စစ်ကြောင်းထိုးချင်လို့ ယူမာ-ဆိုင်းတောင် အရှေ့တောင်ဘက် အဲဗားတောင်ကုန်း ဂျန်ဂတ်၊ ထုံးဘို အဲ့တဝိုက်ကို စစ်ကြောင်းထိုးပြီး သိမ်းချင်တာပေါ့။ အဲတာကြောင့် စစ်ကြောင်းထိုးနေတဲ့ အခြေအနေ။ ဖားကန့်မှာ ရွေးကောက်ပွဲနေ့လည်း အပြန်အလှန်ပစ်ခတ်ကြတာ။ အဲဒီကြားမှာ နည်းနည်းငြိမ်နေတာ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ဖားကန့်တပ်မကုန်း၊ ရခိုင်ကုန်း၊ အဲဗားမျှောခြံ အဲ့ဘက်ကနေ သူတို့ရှိတဲ့နေရာကနေ ထုံးဘို၊ ဂျန်ဂတ်ဘက်ကို ပစ်နေတာ။ လောလောဆယ်က ယူမာ-ဆိုင်းတောင်လမ်းတွေလည်း ပိတ်ထားတယ်။ ဖားကန့်တမြို့လုံး လက်နက်ကြီးသံ လက်နက်သေးသံတွေနဲ့ ဆူညံနေတာ။”
စစ်တပ်ဟာ ဖားကန့်မြိုနယ်တွင်း နယ်မြေစိုးမိုးမှုရယူပြီး ရွေးကောက်ပွဲမတိုင်ခင်ကတည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ဖားကန့်မြို့မှာ ၂၀၂၅ ခု မေလကစလို့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဟန်န










