မြန်မာနိုင်ငံမှာ စစ်အာဏာရှင်က အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ အခုလို ဝမ်းနည်းဖွယ် နေ့ရက်တွေမှာ မြန်မာပြည်သူတွေနဲ့အတူ တစိတ်တဝမ်းတည်း ရပ်တည်ကြောင်း ပြင်သစ်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ မာဆေးလ်မြို့တွေမှာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေ ပူးပေါင်းလှုပ်ရှားမှုပြန်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၅ နှစ်ကြာ ကာလအတွင်း အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ ဂုဏ်ရည်နဲ့ တော်လှန်ရေးကို ပြင်းပြစွာ ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ကြောင်းပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်တာခံနေရသူတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ ပြည်သူ ၃ ဒသမ ၆ သန်းကျော်၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်၊ စစ်ဘေးဒုက္ခခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ထိုင်း၊ အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ အနာဂတ်မှာ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်လာဖို့ တိုက်ပွဲဝင်နေသူတွေနဲ့ အကူအညီမရဘဲ ရုန်းကန်နေရသူတွေအားလုံးကို အထူးတလည် သတိတရ ရှိပါကြောင်းလည်း ပြင်သစ်ရောက် မြန်မာအရေးလှုပ်ရှားသူတွေက သတင်းစကားပါးလိုက်ပါတယ်။









