
နိုက်ဂျာနိုင်ငံ မြို့တော် နီအာမေရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ညသန်းခေါင်ယံ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပြင်သစ်၊ ဘဲနင်းနဲ့ အိုင်ဗရီကို့စ်နိုင်ငံ သမ္မတတွေရဲ့ နောက်ကွယ်က ပံ့ပိုးမှုကြောင့် ဖြစ်ပွားခဲ့တာလို့ နိုက်ဂျာစစ်အစိုးရခေါင်းဆောင် အဗ္ဗဒူရာ ဟာမန်တီယာနီက ဇန်နဝါရီ ၂၉ ရက်မှာ သက်သေအထောက်အထားမရှိ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၂၉ ရက် မတိုင်ခင် သန်းခေါင်ချိန်မှာ သေနတ်ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကျယ်လောင်မြည်ဟီးနေပြီး လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက “အကြမ်းဖက်တိုက်ခိုက်မှု” လို့ ဖော်ပြခဲ့ပြီး မနေ့မနက်ပိုင်းမှာတော့ မြို့တော်အတွင်း အခြေအနေတွေ ပြန်ငြိမ်သက်သွားပါတယ်။
နိုက်ဂျာစစ်အစိုးရခေါင်းဆောင်ဟာ လေတပ်အခြေစိုက်စခန်းကို သွားရောက်စစ်ဆေးအပြီး နိုင်ငံပိုင်ရုပ်သံကနေ ပြောကြားရာမှာ ပြင်သစ်သမ္မတ မက်ခွန်း အပါအဝင် အိမ်နီးချင်းနိုင်ငံရဲ့ ခေါင်းဆောင်တွေကိုပါ နာမည်တပ် စွပ်စွဲခဲ့တာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီစခန်းမှာ ရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုက်ဂျာ အပါအဝင် မာလီ၊ ဘာကီနာဖာဆို စတဲ့ ဆာဟဲဒေသ နိုင်ငံတွေဟာ အနောက်တိုင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဖြတ်တောက်ကာ ရုရှားနိုင်ငံဆီက စစ်ရေးအကူအညီ ရယူလာကြတာပါ။
လုံခြုံရေးရင်းမြစ်တွေအရ တိုက်ခိုက်မှုဟာ ညသန်းခေါင်မတိုင်ခင် အချိန်လေးမှာ ဖြစ်ပွားခဲ့ပြီး လေဆိပ်ကို တိုက်ခိုက်နိုင်ကြောင်း ကြိုတင်သတိပေးချက် ရရှိထားတာကြောင့် လုံခြုံရေးတိုးမြှင့် ချထားခဲ့ကြောင်းနဲ့ လေဆိပ်အတွင်း သိမ်းဆည်းထားတဲ့ ယူရေနီယမ်သိုလှောင်ရုံမှာလည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ ပေါက်ကွဲမှုကြောင့် လေဆိပ်အတွင်း ထိခိုက်မှုတချို့ ရှိခဲ့ပြီး လေကြောင်းလိုင်းဘက်မှ ထုတ်ပြန်ချက်အရ ပန်အာဖရိကန် လေကြောင်းလိုင်းပိုင် ရပ်နားထားတဲ့ ASKY လေယာဉ်နှစ်စီးနဲ့ အိုင်ဗရီကို့စ်နိုင်ငံပိုင်လေကြောင်းလိုင်း အဲရ်ကို့ထ်ဒီဗွာ လေယာဉ်တစီးတို့ အနည်းငယ် ပျက်စီးသွားခဲ့ပါတယ်။
ဒါပေမဲ့ ခရီးသည်နဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ လက်ရှိမှာ လေဆိပ်အနီးတဝိုက်ကို လုံခြုံရေး တင်းကျပ်ထားပေမဲ့ မြို့တော်အတွင်းမှာတော့ စာသင်ကျောင်းတွေနဲ့ ဈေးဆိုင်တွေ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပါတယ်။
နိုင်ငံပိုင်ရုပ်မြင်သံကြားက တိုက်ခိုက်သူတွေထဲက တယောက်ဟာ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမပြနိုင်ဘဲ ထုတ်ပြန်ခဲ့ပြီး ရုပ်သံမှတ်တမ်းတွေအရ မြေပြင်ပေါ်မှာ သွေးစွန်းနေတဲ့ အလောင်းတွေကို ပြသထားပါတယ်။
အနောက်အာဖရိကရှိ နိုက်ဂျာနိုင်ငံဟာ မာလီနဲ့ ဘာကီနာဖာဆိုတို့လို အယ်လ်ကိုင်းဒါးနဲ့ IS အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ဂျီဟတ်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ စစ်ဘေးရှောင်နေရတဲ့ အခြေအနေကို ဆက်လက်ကြုံတွေ့နေရပါတယ်။
Source: Reuters


