Home
နိုင်ငံတကာ
၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု
DVB
·
January 27, 2026
Photo :Reuters

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းရဲ့ ထောက်ခံမှုနဲ့ တင်သွင်းတဲ့ အသက် ၁၅ နှစ်အောက်တွေ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရေး ဥပဒေကြမ်းကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်မှာပါ ထပ်မံအတည်ပြုပြီးရင်တော့ ဥပဒေအဖြစ် တရားဝင် အသက်ဝင်လာမှာပါ။

ဥပဒေသာ အတည်ဖြစ်လာရင် ၁၅ နှစ်အောက် ကလေးတွေဟာ Snapchat၊ Instagram နဲ့ TikTok လို လူမှုကွန်ရက်တွေကို သုံးစွဲခွင့်ရတော့မှာ မဟုတ်ပါဘူး။

သမ္မတ မက်ခွန်း ကတော့ ဒါဟာ “အဓိကခြေလှမ်းတရပ်” ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး “ကျုပ်တို့ကလေးတွေရဲ့ ဦးနှောက်တွေဟာ ရောင်းကုန်မဟုတ်ဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လာမဲ့ စက်တင်ဘာ ၁ ရက် ကျောင်းဖွင့်ရာသီမှာ ဒီဥပဒေ စတင်အသက်ဝင်နိုင်ဖို့ အစိုးရအနေနဲ့ အရှိန်မြှင့် ဆောင်ရွက်သွားဖို့လည်း မက်ခွန်းက တိုက်တွန်းထားပါတယ်။

ဥပဒေကြမ်းရေးဆွဲသူ လွှတ်တော်အမတ် လော်ရာမီလာ ကလည်း “လူမှုကွန်ရက်တွေဟာ အန္တရာယ်ကင်းတာမျိုး မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာ အကန့်အသတ်ထားရှိဖို့ လိုအပ်တယ်” လို့ ပြောဆိုထားပါတယ်။

ဥပဒေအရ အန္တရာယ်ရှိတဲ့ လူမှုကွန်ရက်စာရင်းကို သတ်မှတ်သွားမှာဖြစ်ပြီး အသက်အရွယ်စိစစ်မဲ့ စနစ်တခုကိုပါ ပြင်သစ်နိုင်ငံအနေနဲ့ ချမှတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေကြောင့် အခုလို လူမှုကွန်ရက် ကန့်သတ်မှုတွေ လုပ်ဆောင်လာကြတာဖြစ်ပြီး ဩစတြေးလျနိုင်ငံမှာလည်း အလားတူဥပဒေမျိုး အတည်ပြုထားပြီး ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013