
ပြင်သစ်နိုင်ငံမှာ ဖော်မြူလာနို့မှုန့် လို့ခေါ်တဲ့ ကလေးနို့မှုန့်တံဆိပ်တွေကို ပြန်လည် သိမ်းဆည်းနေတာကြောင့် မိဘတွေအကြား အံ့အားသင့်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ အရင်က ကလေးတွေရဲ့ ဖျားနာမှုတွေဟာ နို့မှုန့်မသန့်ပြန့်မှုတွေနဲ့ သက်ဆိုင်မှု ရှိ၊ မရှိ လည်း သိချင်နေကြပါတယ်။
ဒါနုံးန်၊ နက်စလေနဲ့ ပုဂ္ဂလိကပိုင် လက်ခ်တာလိစ် ကမ္ဘာ့အကြီးဆုံး နို့ထွက်ပစ္စည်းကုမ္ပဏီတချို့ဟာ ပျို့အန်ခြင်းနဲ့ အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ စဲရီယူလိုက်ဒ်လို့ခေါ်တဲ့ အဆိပ်ဓာတ်တမျိုး ပါဝင်နေနိုင်ကြောင်းသံသယနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် ဒီလအတွင်း ကလေးနို့မှုန့်အုပ်စုတချို့ကို ပြန်လည်သိမ်းဆည်းခဲ့ကြတာပါ။
ပြင်သစ်အစားအသောက် ထုတ်လုပ်ရေးကုမ္ပဏီ ဗီတာဂျာမင်းန်ကလည်း သူတို့ရဲ့ ကလေးနို့မှုန့်တွေကို ပြန်လည်သိမ်းဆည်းကြောင်း ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
ပြင်သစ်စုံစမ်းစစ်ဆေးရေးမှူးတွေဟာ အခုလအစောပိုင်းမှာ ကြိုတင်ကာကွယ်မှုအနေနဲ့ ပြန်လည်သိမ်းဆည်းခဲ့တဲ့ အဲဒီနို့မှုန့်ထုတ်ကုန်တွေကို သောက်သုံးခဲ့တဲ့ ကလေးငယ် ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေကြပါတယ်။
နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ညစ်ညမ်းစေနိုင်တဲ့ စဲရီယူလိုက်ဒ် အဆိပ်ဓာတ်ကို ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ဘက်စီးလပ်စ် စီရီးယပ်စ် ဘက်တီးရီးယားမျိုးကွဲတချို့ကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး သဘာဝအစားအစာကုန်ကြမ်းတွေမှာ တွေ့ရှိရပါတယ်။
စိုက်ပျိုးရေးဝန်ကြီး အန်နီဂျီနီဗာ့ထ်ကတော့ အစိုးရအနေနဲ့ နို့မှုန့်ထုတ်လုပ်ရေးကုမ္ပဏီအားလုံးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ရလဒ်တွေကို တင်ပြပေးဖို့ တောင်းဆိုထားကြောင်း ဇန်နဝါရီ ၂၇ ရက်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။


