
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို ဦးဆောင်ပြီး ဇန်နဝါရီ ၂၈ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တိုးတက်မှုမရှိတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ ထိပ်သီးသံတမန်တွေဟာ အခုနှစ်အတွင်း ပထမဆုံး အဓိကတွေ့ဆုံမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်မှာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပနေပြီး မနက်ဖန်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း ကာလရှည်ကြာ မဖြေရှင်းနိုင်ဘဲဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ မြန်မာ့ပဋိပက္ခတွေကို လျှော့ချနိုင်မဲ့ အောင်မြင်မှုတစုံတရာ ရရှိနိုင်ဖို့ မျှော်လင့်ထားကြတယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ မြန်မာ့အရေး ဖြေရှင်းမှုမှာ တိုးတက်မှုမရှိတာက အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအတွက် အငြင်းပွားစရာအကောင်းဆုံး ကိစ္စရပ်တခု ဖြစ်လာနေပါတယ်။
အခုကျင်းပမဲ့ အစည်းအဝေးမှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ဖိလစ်ပိုင်မှာ တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ် တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို အစီရင်ခံတင်ပြဖို့ ရှိနေတာပါ။
ဒါ့အပြင် စီဘူးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း ကျင်းပတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု မရှိတာကြောင့် အဆိုပါရွေးကောက်ပွဲရလဒ်ကို အာဆီယံက အသိအမှတ်ပြုမှာဟုတ်ကြောင်း ပြောကြားထားပါတယ်။
လက်ရှိမှာလည်း မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အခုနှစ်မှာ ရရှိရမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခွင့် လက်လွှတ်ခဲ့ရပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပေမဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အရာရှိတွေကို တက်ရောက်ခွင့်ပြုထားပြီး အခု စီဘူးအစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အဆင့်ရှိသူ တက်ရောက်မယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ၉၉ ဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချိုးဖောက်နေကာ တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်ရာ ရောက်နေတယ်ဆိုပြီး ထောက်ပြထားပါတယ်။
အထူးသဖြင့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်ကို ဆွေးနွေးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာရောက်တယ်ဆိုပြီး အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ညွှန်းဆိုထားပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုပေးနေတဲ့ အဆင့်မြင့်ထိတွေ့မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ငြင်းပယ်ဖို့နဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့သာ တရားဝင် ထိတွေ့ဆက်ဆံဖို့လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
Photo: MOFA-Cambodia


