Home
နိုင်ငံတကာ
ဂါဇာကို အင်ဒိုနီးရှား စစ်သား ၈,၀၀၀ ခန့် စေလွှတ်မည်
DVB
·
February 11, 2026
Photo :Reuters

ဂါဇာဒေသအတွက် အင်ဒိုနီးရှားနိုင်ငံက စစ်သားဦးရေ ၈,၀၀၀ လောက်အထိ စေလွှတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အမေရိကန် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်ရဲ့  ဒုတိယအဆင့်အတွက် အင်ဒိုနီးရှားဟာ ပထမဆုံး တပ်သားစေလွှတ်မဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး မွတ်စလင်နိုင်ငံဖြစ်တဲ့အလျောက် အင်ဒိုနီးရှားဟာ ဂါဇာဒေသ တည်ငြိမ်ရေးအတွက် အကူအညီပေးသင့်တယ်ဆိုပြီး သမ္မတ ပရာဘိုဝို ကိုယ်တိုင် ပြောထားပါတယ်။

အခုလိုမျိုး ပါဝင်ရတာဟာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲနေထိုင်ရေး ဖြစ်လာဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာရူလီ ဆီမန်ဂျွန်တက် ကတော့ တပ်သားတွေရဲ့ လေ့ကျင့်ရေး စတင်နေပြီဖြစ်တဲ့အပြင် ဂါဇာဒေသအတွက် ဆေးဘက်ဆိုင်ရာနဲ့ အင်ဂျင်နီယာပိုင်းကိုပါ အဓိကထား လုပ်ဆောင်မယ်လို့ အတည်ပြုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ စင်ပြိုင်ဖြစ်လာနိုင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့  ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ အင်ဒိုနီးရှားအနေနဲ့ ပါဝင်ပူးပေါင်းမယ်ဆိုပြီး ပြီးခဲ့တဲ့လအတွင်း ကြေညာထားပါတယ်။

ဒါပေမဲ့လည်း ကုလလုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်အရ ဒီငြိမ်းချမ်းရေးဘုတ်အဖွဲ့ကနေ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

ISF ဟာ ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ဖြုတ်သိမ်းရေးနဲ့ စစ်မဲ့ဇုန်ဖော်ဆောင်ရေး အပါအဝင် ဂါဇာကမ်းမြောင်က နယ်စပ်ဒေသတွေကို လုံခြုံအောင် ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

လာမဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အတွင်း ဝါရှင်တန်မြို့တော်မှာ ဘုတ်အဖွဲ့ရဲ့  ပထမဆုံးအစည်းအဝေး ကျင်းပဖို့ရှိနေပြီး ပညာရှင်တွေ ဦးဆောင်မဲ့ ပါလက်စတိုင်းအစိုးရအသစ် ပေါ်ပေါက်ရေးနဲ့ စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေမှာ ကြီးကြပ်သွားမှာပါ။

အဲဒီနောက် တူရကီနဲ့ ပါကစ္စတန်လိုမျိုး တခြား မွတ်စလင်နိုင်ငံတွေကပါ တပ်တွေစေလွှတ်ပေးဖို့ စဉ်းစားနေပေမဲ့လည်း ဟားမတ်စ် လက်နက်ဖြုတ်သိမ်းရေးမှာ မပါဝင်ဘဲ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်သာ ရှိနေမယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဟားမတ်စ်ဘက်က လက်နက်ချဖို့ ငြင်းဆန်ထားတာကြောင့် ဂါဇာနယ်မြေတချို့ကို အစ္စရေးအနေနဲ့ ဆက်လက်သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။

၂ နှစ်ကြာ ဂါဇာစစ်ပွဲအတွင်း လူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးကာ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013