
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ကာလီမန်တန်ပြည်နယ်က အလယ်တန်းကျောင်းသားတယောက်ဟာ ဖေဖော်ဝါရီ ၃ ရက်မှာ သူ့စာသင်ခန်းအတွင်း ဓာတ်ဆီပုလင်းဗုံးကို ဖောက်ခွဲမီးရှို့ခဲ့လို့ ကျောင်းသားအများအပြား ဒဏ်ရာရခဲ့ပါတယ်။
မီးမလောင်သေးတဲ့ တခြားဓာတ်ဆီပုလင်းဗုံး ၆ မျိုးကို ပြင်ဆင်ခဲ့တဲ့ ကျောင်းသားဟာ အနိုင်ကျင့်ခံရသူတယောက်ဖြစ်ပြီး “အကြမ်းဖက်ဝါဒ” အွန်လိုင်းအသိုက်အဝန်းရဲ့ တက်ကြွတဲ့ အဖွဲ့ဝင်တယောက် ဖြစ်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဖေဖော်ဝါရီ ၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မီးရှူးမီးပန်းတွေနဲ့ ပြုပြင်ထားပြီး သယ်ရလွယ်တဲ့ ဓာတ်ငွေ့ဘူး ၅ လုံး၊ သံချောင်းတွေ၊ အဝတ်စ မီးစာတွေ တပ်ထားပြီး လောင်စာဆီပါတဲ့ ပုလင်း ၆ လုံးနဲ့ ဓားတချောင်း အပါအဝင် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ အများကြီးကို တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျောင်းသားတယောက်က ဂျကာတာမြို့တော်က ကျောင်းဗလီမှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါတွေဟာ နယူးဇီလန်နိုင်ငံ၊ ခရိုက်ချက်မြို့က ဗလီတွေကို ၂၀၁၉ ခုနှစ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ အမေရိကန်ပြည်ထောင်စုက ကိုလံဘိုင်း အထက်တန်းကျောင်းမှာ ၁၉၉၉ ခုနှစ် ပစ်ခတ်မှုတွေလို အဖြူရောင်လူမျိုးကြီးဝါဒီတွေ၊ နာဇီလက်သစ်ဝါဒီတွေ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေက လှုံ့ဆော်ခဲ့တာလို့လည်း စွပ်စွဲခံထားရပါတယ်။
Source: Reuters


