
“တီရန်” ဇာတ်လမ်းတွဲရဲ့ အစ္စရေးထုတ်လုပ်သူဟာ ဖေဖော်ဝါရီ ၁၅ ရက်က ဂရိမြို့တော်၊ အေသင်မြို့က ဟိုတယ်အခန်းတခုမှာ သေဆုံးလျက်သား တွေ့ရတယ်လို့ ဂရိရဲတပ်ဖွဲ့အရာရှိတွေက ပြောခဲ့ပြီး ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲပါ။
ဆွေမျိုးတယောက်က သူ့ဆီ ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီးတဲ့နောက် အသက် ၅၂ နှစ်အရွယ် ဒါနာအေဒင်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပါတယ်။
ဂရိစုံစမ်းစစ်ဆေးရေးမှူးတွေက အခင်းဖြစ်တဲ့နေရာမှာ ဆေးပြားတွေကို တွေ့ခဲ့ပါတယ်။ ရင်ခွဲစစ်ဆေးရေးမှူးတယောက်ကတော့ သေဆုံးသူရဲ့ လည်ပင်းမှာ အညိုအမည်း ဒဏ်ရာတွေကို တွေ့ခဲ့တာပါ။
ဒေသခံရဲတပ်ဖွဲ့က သေဆုံးရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ရင်ခွဲစစ်ဆေးဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး လုံခြုံရေးကင်မရာ မှတ်တမ်းတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေဆီက ထွက်ဆိုချက်တွေကို စုဆောင်းခဲ့ပါတယ်။
မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အလွန်ဝမ်းနည်း ကြေကွဲစရာ အချိန်ပါလို့ နိုင်ငံတကာထုတ်လုပ်ရေးကုမ္ပဏီ Donna and Shula Productions က ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
ထုတ်လုပ်ရေးကုမ္ပဏီဟာ ရာဇဝတ်မှု ဒါမှမဟုတ် အမျိုးသားရေးဝါဒနဲ့ ဆက်စပ်တဲ့ သေဆုံးမှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မမှန်ကန်ကြောင်းနဲ့ အခြေအမြစ်မရှိကြောင်း ရှင်းလင်းပြောကြားချင်ပါတယ်လို့ ကြေညာချက်က ဆိုပါတယ်။
မီဒီယာတွေနဲ့ ပြည်သူလူထုအနေနဲ့ အတည်မပြုနိုင်တဲ့ ပြောဆိုချက်တွေကို ထုတ်ဝေခြင်းကနေ ရှောင်ကြဉ်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
သူဟာ အီရန်ထောက်လှမ်းရေးတွေရဲ့ လက်ချက်နဲ့ အသတ်ခံရတာ ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတယ်လို့ တိုင်းမ်စ်အော့ဖ် အစ္စရေး သတင်းဌာနမှာ ဖော်ပြပါတယ်။
အီဒင်ဟာ တီရန်ရှိုးရဲ့ စတုတ္ထမြောက်ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ ဂရိမှာ ရှိနေခဲ့တာလို့ အစ္စရေးမီဒီယာ Kan က ဖော်ပြပါတယ်။
Source: Reuters


