
ဂျပန်နိုင်ငံ၊ အီဘာရာကီခရိုင်၊ ရှိမိုဆွတ်မမြို့မှာ ဖေဖော်ဝါရီ ၁၈ ရက် သန်းခေါင်ယံ ၁၂ နာရီကျော်လောက်က မြန်မာနိုင်ငံသား အလုပ်သင်တွေ နေထိုင်တဲ့ ၂ ထပ် သစ်သားအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး ရုပ်အလောင်း တလောင်းကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါအိမ်မှာ မြန်မာနိုင်ငံသား ၂၂ ယောက်နေထိုင်တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၇ နှစ် အရွယ် မြန်မာအမျိုးသား တယောက် အဆက်အသွယ်မရဖြစ်နေလို့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး နေပါတယ်။
အဆိုပါနေအိမ်မှာ မကြာသေးခင်ရက်ပိုင်းလောက်ကမှ ရောက်ရှိလာတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သင် ၂၂ ယောက် နေထိုင်နေကြပါတယ်။
မီးလောင်တဲ့နေအိမ်မှာ နေထိုင်သူ တယောက်က “မီးဆိုတဲ့ အသံကြောင့် လန့်နိုးနိုးချင်း အိပ်ရာဘေးက ဖုန်းကိုကောက်ကိုင်၊ အပြင်အခြေအနေကိုကြည့်ဖို့ အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ မီးခိုးတွေ အလုံးလိုက်အခဲလိုက် ဝင်လာပြီး ဘာမှမမြင်ရတဲ့အပြင် အသက်တောင်ရှုလို့ မရတော့တာနဲ့ ချက်ချင်း ထွက်ပေါက်ကိုအရင်ပြေးခဲ့ရပါတယ်။ ဖုန်းပဲရခဲ့ပါတယ်” လို့ပြောပါတယ်။
ရုပ်အလောင်းဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို ဂျပန်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း မြန်မာအလုပ်သင် တယောက် ဖော့ကလစ်ကားမောင်း စဉ် မတော်တဆသေဆုံးခဲ့သလို ၂၀၂၄ ခုနှစ်တုန်းကလည်း နတ်ကွန်းအုတ်တိုင်ပြိုကာ အလုပ်ခွင်တွင်းမြန်မာအလုပ်သင်တယောက် သေဆုံးခဲ့ပါတယ်။
ဇော်ဇော်လှိုင်


