
ဂျပန်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဆဲနဲတာကာအိချိရဲ့ပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် ဂျပန်နိုင်ငံ စတော့ရှယ်ယာဈေးတွေ ချက်ချင်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
စတော့ဈေးကွက် ဖွင့်ဖွင့်ချင်းမှာ Nikkei 225 (နီကေး) ရှယ်ယာတွေ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြင့်လာတာ ဖြစ်ပါတယ်။
Topix မှာလည်း ရှယ်ယာ ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာတာ တွေ့ရသလို နီကေး ရှယ်ယာဈေးနှုန်းတွေ ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာတာက သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဒီနေ့မနက် အာရှတိုက်ရှယ်ယာတွေထဲမှာ တောင်ကိုရီးယားရဲ့ ကော့စပီ ရှယ်ယာညွှန်းကိန်း တွေလည်း ၄ ရာခိုင်နှုန်း တိုးလာသလို ဟောင်ကောင်ရဲ့ ဟန်းဆန်ရှယ်ယာညွှန်းကိန်းတွေလည်း ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။
တာကာအိချိရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ သမိုင်းဝင် အနိုင်ရလဒ် ထွက်ပေါ်ခဲ့တာပါ။
တာကာအိချိက အခွန်နှုန်း လျှော့ပေးမယ်လို့ ကတိပြုထားပြီး တရုတ်ကို တန်ပြန်နိုင်ဖို့ စစ်ရေးစရိတ် တိုးမြှင့်မယ်လို့လည်း ကတိပြုထားပါတယ်။
ဗြိတိန်ရဲ့ သံမဏိအမျိုးသမီး မာဂရက်သက်ချာကို လေးစားတယ်လို့ ပြောဆိုထားတဲ့ တာကာအိချိဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ပါတယ်။
တာကာအိချိရဲ့ LDP ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာမှာ ၃၁၆ နေရာ ရရှိခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် ရလဒ်အကောင်းဆုံး ဖြစ်လာတာပါ။
ဂျပန်နိုင်ငံမှာ နေထိုင်စရိတ်ကြီးမြင့်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တာကာအိချိရဲ့ အစိုးရအဖွဲ့ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေဖောင်းပွမှုတွေဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် ဒေါ်လာ ၁၃၆ သန်း အသုံးပြုမယ်လို့ နိုဝင်ဘာလတုန်းက ကတိပြုထားပါတယ်။
ဒါဟာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနောက်ပိုင်း အကြီးမားဆုံး ငွေကြေးအသုံးပြုမှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူပြန်ပြီးရွေးခံရမယ်ဆိုရင် အစိုးရက အသုံးစရိတ်တွေ ပိုပြီးသုံးမယ်လို့ ကတိပြုခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ်ဟာ တရုတ်နဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ စစ်ရေးဘတ်ဂျက်ကိုလည်း တိုးမြှင့် အသုံးပြုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၈ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကို သူ့ရဲ့ ညွန့်ပေါင်းအစိုးရ ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဂုဏ်ပြုခဲ့ပါတယ်။
ကွန်ဆာဗေးတစ်၊ ငြိမ်းချမ်းရေးကို ခွန်အားနဲ့ အတည်ပြုရာမှာ အောင်မြင်မှု ကြီးကြီးမားမား ရပါစေလို့ လူမှုမီဒီယာပို့စ်တခုမှာ ထရမ့်ပ်က ဆုတောင်းပေးခဲ့ပါတယ်။
ဂျပန်မဲဆန္ဒရှင်အများအပြားက ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ သမိုင်းဝင်ရွေးကောက်ပွဲ အောင်နိုင်မှုကို ကျေနပ်အားရတယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ ပြောခဲ့ကြပေမဲ့ အာဏာရညွန့်ပေါင်းအစိုးရက တောင်ပြိုကမ်းပြို အနိုင်ရတဲ့အပေါ် စိုးရိမ်စိတ်တွေကိုလည်း ထုတ်ပြောခဲ့ကြပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း “သံမဏိအမျိုးသမီး” မာဂရက်သက်ချာဆီက လှုံ့ဆော်မှုရခဲ့တယ်လို့ ပြောခဲ့တဲ့ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ကွန်ဆာဗေးတစ်ဝါဒီ တာကာအိချိဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွက် အောက်လွှတ်တော်မှာ အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၆ နေရာ ရခဲ့တာပါ။ ဒါဟာ သူ့ရဲ့ အကောင်းဆုံးရလဒ်လည်း ဖြစ်ပါတယ်။
မဲပေးခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် နာအိုဟိဆာ ခိုမိယမက “ကျမက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDPကို ထောက်ခံပေမဲ့ သူတို့ အရမ်းအနိုင်ရမှာကို စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။
အတိုက်အခံပါတီတွေဟာ နေရာအများကြီး ဆုံးရှုံးခဲ့ရလို့ (LDP အတွက်) ရှေ့ဆက်သွားဖို့ ပိုလွယ်ကူနိုင်ပါတယ်။
ခိုမိယမက “ဒါပေမဲ့ တချိန်တည်းမှာပဲ လူတွေက ဆန့်ကျင်ဘက်အမြင်တွေကို ထုတ်ဖော်ပြောဆိုလို့ မရဘူးလို့ ခံစားရတဲ့ လေထုတခု ပေါ်ပေါက်လာရင် ပေါ့ဆမှုနဲ့ မာနထောင်လွှားမှုတွေ စတင်ပေါ်ပေါက်လာလိမ့်မယ်လို့ ကျမထင်ပါတယ်” လို့ ထပ်ပြောခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရမိတ်ဖက်ဖြစ်တဲ့ ဂျပန်ဆန်းသစ်တီထွင်မှုပါတီ (Ishin) နဲ့အတူ တာကာအိချိဟာ နေရာ ၃၅၂ နေရာနဲ့ နေရာသုံးပုံနှစ်ပုံရဲ့ အများစုကို ထိန်းချုပ်ထားပြီး သူ့မှာ အများစုမရှိတဲ့ အထက်လွှတ်တော်ကို ကျော်လွန်နိုင်လို့ ဥပဒေပြုရေး အစီအစဉ်ကို လွယ်ကူချောမွေ့စေနိုင်ပါတယ်။
အသက် ၆၄ နှစ်အရွယ် တာကာအိချိဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရေရှည်အုပ်ချုပ်ခဲ့တဲ့ LDP ကို ဦးဆောင်ဖို့ ရာထူးတိုးမြှင့်ခံရပြီးကတည်းက သူ့ရဲ့ တက်ကြွတဲ့ ကိုယ်ရေးကိုယ်တာ ထောက်ခံမှုအဆင့် သတ်မှတ်ချက်တွေကို အခွင့်ကောင်းယူဖို့ ရှားရှားပါးပါး ဆောင်းရာသီ ကြားဖြတ်ရွေးကောက်ပွဲကို ခေါ်ယူခဲ့ပါတယ်။
မဲဆန္ဒရှင်တွေက သူ့ရဲ့ ရိုးသားပွင့်လင်းပြီး ကြိုးစားအားထုတ်တဲ့ ပုံရိပ်ကို စွဲနေကြတာပါ။ ဒါပေမဲ့ အမျိုးသားရေးဝါဒ ယိမ်းယိုင်မှုနဲ့ လုံခြုံရေးကို အလေးထားမှုတွေကြောင့် ဂျပန်ရဲ့ အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တင်းမာစေခဲ့ပြီး အခွန်လျှော့ချရေး ကတိတွေက ငွေကြေးဈေးကွက်တွေကို လှုပ်ခါစေခဲ့ပါတယ်။
Source: Reuters


