ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မှာ ဖေဖော်ဝါရီ ၈ ရက်မနက်က မဲရုံတွေဖွင့်အပြီး မဲဆန္ဒရှင်တွေဟာ နိုင်ငံရဲ့ ရှေးရိုးစွဲ၊ တိုးတက်မှုနဲ့ လူကြိုက်များမှု ကြီးစိုးတဲ့ အသိုက်အဝန်းတွေအကြား ၃ ပွင့်ဆိုင် တိုက်ပွဲလို့ သတ်မှတ်ထားတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးနေကြပါတယ်။
စကားလုံးတွေကိုသာမက လုပ်ရပ်တွေကို အာရုံစိုက်တဲ့ အစိုးရတရပ်ကို လိုလားတယ်လို့ ပြောခဲ့ပြီး ဘယ်ပါတီမှ အများစုအနိုင်ရဖို့ မမျှော်လင့်နိုင်လို့ နိုင်ငံရေး မတည်ငြိမ်မှု အရိပ်အယောင်က ကြာရှည်နေပါတယ်။
ကုမ္ပဏီဝန်ထမ်း ဆူဝပ် ကီယတ်စူဝမ်က “အရင်လိုပဲ မဲပေးမယ်ဆိုရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခကြားမှာ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ ဒီဇင်ဘာလလယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ခဲ့ပြီး ဒါဟာ အရှိန်မြင့်တက်လာတဲ့ အမျိုးသားရေးဝါဒကို အမြတ်ထုတ်ဖို့ ရှေးရိုးစွဲခေါင်းဆောင်က အချိန်ကိုက်လုပ်တာလို့ လေ့လာသုံးသပ်သူတွေက ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာစတဲ့ ကြိုတင်မဲပေးကာလအတွင်း မဲဆန္ဒရှင် ၂ ဒသမ ၂ သန်းကျော် မဲပေးခဲ့ကြပြီးပြီလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၅၃ သန်းရဲ့ ထောက်ခံမှုအတွက် တိုက်ပွဲဟာ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် မြင့်မားလာခြင်းတို့ကြောင့် ဖြစ်ပေါ်လာတာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ပါတီ ၅၀ ကျော် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နေပေမဲ့ ပြည်သူ့ပါတီ၊ ဘွမ်ဂျိုင်ထိုင်းပါတီနဲ့ ဖွေ့ထိုင်းပါတီ ၃ ခုသာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးရေး၊ လူကြိုက်များမှုတွေ ရှိပြီး အနိုင်ရဖို့ အခွင့်အလမ်း ရှိနေတာပါ။
လွှတ်တော် အမတ်နေရာ ၅၀၀ ရှိပြီး ဘယ်ပါတီမှ ပြတ်ပြတ်သားသား အများစုအနိုင်ရဖို့ အလားအလာမရှိဘူးလို့ စစ်တမ်းတွေက အဆက်မပြတ် ပြနေလို့ ညွန့်ပေါင်းအစိုးရ ဆွေးနွေးပွဲတွေ မလွဲမသွေဖြစ်လာဖို့ မျှော်လင့်ထားကြ ပါတယ်။
ရွေးကောက်ခံလွှတ်တော်အမတ် အများစုက နောက်တက်မယ့် ဝန်ကြီးချုပ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
Source: Reuters












