
ရိုမေးနီးယားနိုင်ငံတဝန်းမှာ ဆီးနှင်းကျဆင်းမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဖေဖော်ဝါရီ ၁၈ ရက်က အိမ်ခြေပေါင်း ၂ သိန်းလောက် လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့အပြင် အဝေးပြေးလမ်းမကြီးတွေနဲ့ အမျိုးသားလမ်းမကြီးတွေမှာလည်း အသွားအလာတွေ ပိတ်ဆို့နေကာ ရထားခရီးစဉ်ပေါင်း များစွာလည်း ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စွမ်းအင်ဝန်ကြီး ဘော့ဂ်ဒန်း အီဗန်က ပြောပါတယ်။
မြို့တော် ဘူခါရက်စ်မှာလည်း ၄၀ စင်တီမီတာလောက် ထူထပ်တဲ့ နှင်းထုအောက်မှာ အများပြည်သူ ပို့ဆောင်ရေးဝန်ဆောင်မှုတွေ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
လဲပြိုကျနေတဲ့ သစ်ပင်တွေကြောင့် ကားလမ်းနဲ့ ရထားလမ်းတွေ ရပ်တန့်သွားပြီး မြို့အတော်များများမှာ စာသင်ကျောင်းတွေလည်း ပိတ်ထားရကာ ခရိုင် ၆ ခုရှိ လူနာတင်ယာဉ် ၁၀ စီး နှင်းတောထဲမှာ ပိတ်မိနေခဲ့ကြောင်း အမျိုးသားအရေးပေါ်တုံ့ပြန်ရေး အေဂျင်စီက ပြောပါတယ်။
“လက်ရှိအချိန်ထိ ထိခိုက်မှုရှိခဲ့တဲ့ အိမ်ခြေ ၂ သိန်းထဲက ၈၆,၀၀၀ လောက်ကို လျှပ်စစ်မီး ပြန်ပေးနိုင်ခဲ့ပြီ ဖြစ်ပေမဲ့ မြို့ပေါင်း ၂၆၆ မြို့မှာတော့ ဆက်လက်ထိခိုက်နေဆဲ ဖြစ်ပါတယ်” လို့ စွမ်းအင်ဝန်ကြီး အီဗန်က သတင်းထောက်တွေကို ပြောပါတယ်။
ရိုမေးနီးယားနိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှုဟာ ပျမ်းမျှ ၇ ဒသမ ၄ ဂဂ္ဂါဝပ်ရှိပြီ ပိုလျှံတဲ့ လေစွမ်းအင်နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေကို ပြည်ပကို တင်ပို့နေတယ်လို့လည်း သူက ပြောပါတယ်။
အခုနှစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှုဟာ ၁၁ ရာခိုင်နှုန်း တိုးလာပြီး သုံးစွဲမှုမှာလည်း ၆ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဆိုပါတယ်။
Source: Reuters


