
ချီလီနိုင်ငံ ပါတာဂိုးနီးယားဒေသရှိ တောရက်စ်ဒယ်လ်ပိုင်န် အမျိုးသားဥယျာဉ်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတခုအတွင်း ခရီးသွား ၅ ယောက် သေဆုံးခဲ့ပြီးနောက် အမှားအယွင်း တစုံတရာ ဖြစ်ပွားခဲ့မှု ရှိ မရှိကို ဆုံးဖြတ်ဖို့ ပြည်တွင်း စုံစမ်းစစ်ဆေးမှုတခုကို စတင်လိုက်ပြီဖြစ်ကြောင်း ချီလီနိုင်ငံရဲ့ အမျိုးသားသစ်တောကော်ပိုရေးရှင်း (Conaf) က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာပါတယ်။
အဲဒီအချိန်က မြင်ကွင်းပျောက်အောင် မှုန်မှိုင်းနေတဲ့ အခြေအနေနဲ့ တနာရီ ၁၉၃ ကီလိုမီတာထက် ကျော်လွန်တဲ့ လေတိုက်နှုန်းတွေနဲ့ အဆင့် ၃ ဟာရီကိန်းနဲ့ ညီမျှတဲ့ အားကောင်းတဲ့ နှင်းမုန်တိုင်းတခု အတွင်းမှာ ဥယျာဉ်ရဲ့ လော့စ် ပဲရော့စ် စခန်းအနီးမှာ လမ်းပျောက်နေခဲ့တဲ့ ဂျာမန် ၂ ယောက်၊ မက္ကဆီကန် ၂ ယောက်နဲ့ ဗြိတိသျှ ၁ ယောက်တို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဥယျာဉ်စီမံခန့်ခွဲရေးအေဂျင်စီကတော့ ဒီဖြစ်ရပ်မှာ ပရိုတိုကောစံနှုန်းတွေကို ဘယ်လိုအသက်ဝင်စေခဲ့တယ်၊ ဆက်သွယ်ရေးကိစ္စတွေကို ဘယ်လိုကိုင်တွယ်ခဲ့တယ်၊ ကယ်ဆယ်ရေးနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခြင်း လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း ပြောကြားပါတယ်။
မာဂါယန်းစ် ဒေသဆိုင်ရာ Conaf ဒါရိုက်တာ မောင်ရီစီယိုရွစ်ကတော့ မတော်တဆမှု ဖြစ်ပွားတဲ့နေ့က သမ္မတရွေးကောက်ပွဲမှာ မဲပေးဖို့ မဲရုံတွေဆီ သွားခဲ့ကြတာကြောင့် လော့စ် ပဲရော့စ် စခန်းဖြတ်ကူးလမ်းမှာ ဝန်ထမ်းတယောက်မှ ရှိမနေခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးအဆင့်မှာ လူ ၅ ယောက် သေဆုံးရခြင်းရဲ့ အကြောင်းရင်းက ကိုယ်အပူချိန် ကျဆင်းခြင်းကြောင့်ဖြစ်တယ်လို့ အတည်ပြုနိုင်ကြောင်း မာဂါယန်းစ် ခရိုင်ရှေ့နေ ခရစ်စ်တီယန် ခရစ် ဆိုတိုက ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ အဖွဲ့တွင်းမှ တောင်တက်သမားအားလုံး၊ Conaf ဝန်ထမ်းတွေနဲ့ ဗဲရ်တစ်စ် ခရီးသွားလုပ်ငန်းမှ ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်တွေကို ရယူကာ ဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
ချီလီနိုင်ငံရဲ့ အထင်ကရ ခရီးသွားနေရာတွေထဲက တခုဖြစ်တဲ့ တောရက်စ် ဒယ်လ် ပိုင်န် အမျိုးသားဥယျာဉ်ဟာ စတုရန်းကီလိုမီတာ ၁၈၁၀ ခန့် ကျယ်ဝန်းကာ သူ့ရဲ့ အံ့မခန်း တောင်ထိပ်တွေနဲ့ အအေးပိုင်း စိမ့်သစ်တောတွေကြောင့် လူသိများပြီး နှစ်စဉ် သိန်းနဲ့ချီတဲ့ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
Source: Reuters


