
ချီလီနိုင်ငံ ပါတာဂိုးနီးယားဒေသ တောင်ပိုင်းဒေသက တောရက်စ် ဒယ်ပိုင် အမျိုးသားဥယျာဉ်မှာ အားကောင်းတဲ့ နှင်းမုန်တိုင်းတခု တိုက်ခတ်ခဲ့လို့ ခရီးသွား ၅ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
ပျောက်နေတယ်လို့ သတင်းပို့ထားတဲ့ နောက်ထပ် ၄ ယောက်ကို အသက်ရှင်လျက် တွေ့ခဲ့တယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
အမျိုးသားဘေးအန္တရာယ်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးဌာနရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟွမ် ကားလို့စ် အန်ဒြာဒက်စ်က အာဏာပိုင်တွေဟာ သေဆုံးသူ ၅ ယောက်ရဲ့ အလောင်းတွေကို ပြန်ရရေး ဆောင်ရွက်နေပြီး ရာသီဥတုအခြေအနေက ခွင့်ပြုရင် မနက်ဖြန်မှာ ပြီးစီးနိုင်တယ်လို့ ပြောပါတယ်။
ဂျာမန် ၂ ယောက်၊ မက္ကဆီကန် ၂ ယောက်နဲ့ ဗြိတိန်နိုင်ငံသားတယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ခရီးသည်တွေဟာ အမျိုးသားဥယျာဉ်ရဲ့ လို့စ်ပဲရို့စ် စခန်းနားမှာ ပျောက်သွားခဲ့ပြီး အနီးဆုံးရောက်နိုင်တဲ့နေရာက ကားနဲ့ ၄ နာရီကနေ ၅ နာရီကြာတဲ့ ခရီးနဲ့သာ ရောက်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီဒေသမှာ နှင်းမုန်တိုင်းတခုကြောင့် မိုးရွာခဲ့ပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ ကျော်ထိ ပြင်းထန်ခဲ့တာပါ။ ဒါဟာ အဆင့် ၃ ဟာရီကိန်းမုန်တိုင်းရဲ့ ပြင်းအားနဲ့ ညီမျှပါတယ်။
တောင်ထိပ်တွေနဲ့ ဝင်ရိုးစွန်းအောက်ပိုင်း သစ်တောတွေပါတဲ့ တောရက်စ် ဒယ်ပိုင် အမျိုးသားဥယျာဉ်ဟာ (စတုရန်းမိုင် ၇၀၀) လောက် ကျယ်ဝန်းပြီး နှစ်စဉ် လာရောက်လည်ပတ်သူ သိန်းနဲ့ချီ ရှိနေပါတယ်။
Source: Reuters


