
ချီလီနိုင်ငံမှာ ခိုလှုံခွင့်ရရှိထားတဲ့ ဗင်နီဇွဲလား နိုင်ငံရေးအတိုက်အခံတယောက် သတ်ဖြတ်ခံရမှုမှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုရဲ့ ပါဝင်ပတ်သက်နေကြောင်း ချီလီသမ္မတ ဂေဘရီရယ်လ် ဘောရစ်ခ်က အောက်တိုဘာ ၁၅ ရက်မှာ လူသိရှင်ကြား စွပ်စွဲခဲ့ပါတယ်။
ချီလီသမ္မတဟာ အီတလီနိုင်ငံ၊ ရောမမြို့ကို တရားဝင်ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားတဲ့အထဲမှာ ၂၀၂၃ ခုနှစ်က ချီလီမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့တဲ့ ဗင်နီဇွဲလား စစ်အရာရှိဟောင်းလည်းဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ရော်နယ်လ် အိုဂျယ်ဒါဟာ ၂၀၂၄ ခုနှစ် အစောပိုင်းက ဆန်တီယာဂိုမှာ ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတဲ့အမှုကို အထူးကိုးကား ပြောကြားခဲ့ပြီး ကမ္ဘာတဝန်း အာဏာရှင်စနစ် ထွန်းကားလာတဲ့ အကြောင်းကိုလည်း ဘောရစ်ခ်က ထည့်သွင်း သတိပေးခဲ့ပါတယ်။
“ချီလီမှာ ဗင်နီဇွဲလား စစ်အရာရှိဟောင်းတဦးကို သတ်ဖြတ်တဲ့ကိစ္စမှာ လူသတ်မှုမှာ သံသယရှိသူတွေထဲက တဦးကတော့ သူ့မွေးရပ်မြေမှာ ရွေးကောက်ပွဲကို ခိုးတဲ့သူဖြစ်တဲ့ အာဏာရှင် နီကိုးလပ်စ် မာဒူရို အစိုးရပဲ” လို့လည်း ဘောရစ်ခ်က ချီလီအာဏာရှင် ဩဂတ်စတို ပီနိုရှေး လက်ထက်က နိုင်ငံရေးအတိုက်အခံတွေ လုပ်ကြံခံရမှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအတွင်းမှာ ပြောကြားခဲ့ပါတယ်။
ချီလီအစိုးရရှေ့နေတွေကတော့ ဗင်နီဇွဲလား အကျဉ်းထောင်တွေကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ရာဇ၀တ်ဂိုဏ်း ထရန်းဒီ အာရဂွာ အဖွဲ့ဝင်တွေက အတိုက်အခံခေါင်းဆောင် ရော်နယ်လ် အိုဂျယ်ဒါ ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အချက်ကို စွဲကိုင်ထားပါတယ်။
ဗင်နီဇွဲလား အာဏာပိုင်တွေက လူသတ်မှုကို အမိန့်ပေးခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပေမဲ့ မာဒူရို အစိုးရကတော့ အိုဂျယ်ဒါ သေဆုံးမှုနဲ့ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters




