
ရေခဲရေသူမလို့ လူသိများတဲ့ ချီလီနိုင်ငံသူ ဘာဘာရာဟာနန်ဒက်ဇ်ဟာ ရေခဲရေထဲမှာ အဝေးဆုံးရောက်ရှိအောင် ကူးခတ်နိုင်တဲ့ အမျိုးသမီးရေကူးသမားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။
ဟာနန်ဒက်ဇ်ဟာ ပူအာတိုနာတာလီရှိ ဆီနိုရက်တူးမြောင်းထဲမှာ ၃ ဒသမ ၈၄ ကီလိုမီတာ ရောက်ရှိအောင် ကူးခတ်နိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ရေခဲရေကူးအဖွဲ့အစည်းနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့တို့က အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။
ချီလီရေတပ်နဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေကလည်း ပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ရေကူးဝတ်စုံနဲ့ အကာအကွယ်မပါဘဲ ရေရဲ့ပျမ်းမျှအပူချိန် ၄ ဒသမ ၅၃ စင်တီဂရိတ်မှာ ၁ နာရီ၊ ၆ မိနစ်၊ ၁၅ စက္ကန့် ကူးခတ်နိုင်ခဲ့ပါတယ်။
ဒါဟာ မတ်လက ပိုလန်နိုင်ငံမှာ စံချိန်တင်ခဲ့တဲ့ အိုဇာဘီလာဘာဘီကာရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ်ကလည်း ပိုလာရေခဲရေထဲမှာ အကြာဆုံး ရေကူးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က ကိတ်ဟွန်းရေလက်ကြားကို အမြန်ဆုံးကူးခတ်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။