
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကီနူးရိဗ်ဆီကနေ ခိုးယူခံထားရတဲ့ နာရီ ၆ လုံးကို ချီလီအာဏာပိုင်တွေဟာ ဆန်တီယာဂိုမြို့ရှိ အမေရိကန်သံရုံးကို ဇူလိုင် ၂၉ ရက်မှာ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
နာရီတွေကို ၂၀၂၃ ခုနှစ်က လော့စ်အိန်ဂျလိစ်ရှိ ကီနူးရိဗ်ရဲ့ နေအိမ်မှ ခိုးယူခံခဲ့ရတာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (PDI) က ထုတ်ပြန်ပါတယ်။
ရှေ့နေချုပ် ကလော်ဒီယာ ဘာရာ့ဇာနဲ့ PDI စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေဟာ “John Wick” ဇာတ်ကောင်မင်းသားဆီကို သူ့ရဲ့ တန်ဖိုးကြီးနာရီတွေကို ချီလီနိုင်ငံရှိ FBI ကိုယ်စားလှယ်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ရှေ့နေချုပ် ကလော်ဒီယာ ဘာရာ့ဇာက “ဒီအမှုမှာ နစ်နာသူ မင်းသား ကီနူးရိဗ်ရဲ့ နာရီတွေလို့ ဖော်ထုတ်သိရှိထားရပြီး ပိုင်ရှင်လက်ထဲ ပြန်ပေးနိုင်အောင် FBI ကို နာရီတွေကို လွှဲပြောင်းပေးအပ်ထားပါတယ်။ FBI က အမေရိကန်မှာ နာရီတွေကို ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။
ဆန်တီယာဂိုရပ်ကွက်ရှိ ဂိုဏ်းတခုမှ အကြမ်းဖက် လုယက်မှုတွေကို စုံစမ်းစစ်ဆေးမှုအတွင်း ဒီလက်ပတ်နာရီတွေကို မတော်တဆ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ PDI ရဲ့ လက်ထောက်အကြီးအကဲ မာဆဲလို ဗာရာ့စ်က “ဒါဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင်ခဲ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီပစ္စည်းတွေကို သိမ်းဆည်းထားတဲ့ လူတဦးကို ဖမ်းမိခဲ့တာကနေ စုံစမ်းစစ်ဆေးမှုတွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေအရ ၂၀၂၃ ခုနှစ်မှာ သူ့နိုင်ငံမှာ လုယက်ခံခဲ့ရတဲ့ မင်းသား ကီနူးရိဗ်ရဲ့ နာရီတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ချီလီမီဒီယာက ဖော်ပြပါတယ်။
Source: Reuters