
AI ဉာဏ်ရည်တု ကင်မရာအကူအညီနဲ့ ခွဲစိတ်မှုတွေကို ဆရာဝန် တယောက်တည်း လုပ်ဆောင်နိုင်တယ်ဆိုတာ ချီလီနိုင်ငံခွဲစိတ်မှုတခုမှာ သက်သေပြနိုင်ခဲ့ပါတယ်။
ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ရှိ ဆေးရုံခွဲစိတ်ဆရာဝန်ကြီး ရီကာဒိုဖန်ကီက အမည်မဖော်တဲ့ AI သုံး ကင်မရာနဲ့ လာပါစကော့ပစ် ခွဲစိတ်ကုသမှုတခုနဲ့ သည်းခြေအိတ်ဖယ်ရှားမှုကို တယောက်တည်း လုပ်ဆောင်ပြခဲ့တာပါ။
စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့တဲ့ ခွဲစိတ်ကုသမှုမှာ ဆော့ဖ်ဝဲလ်နဲ့ ခွဲစိတ်ကင်မရာကို တိုက်ရိုက်ထိန်းချုပ်ပြီး ခွဲစိတ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေကို ကြည့်ပြီး လူအကူအညီမပါဘဲ ကင်မရာကို ရှုထောင့်တွေ ထိန်းညှိပြသပေးနိုင်တာ ဖြစ်ပါတယ်။
“ကင်မရာတွေက ကျနော်လက်လှုပ်ရှားမှုနောက်ကို လိုက်ပြီး လှုပ်ရှားပါတယ်။ ဒီခွဲစိတ်ကုသမှုတခုလုံးက အရမ်းကောင်းပါတယ်။ ဒီကင်မရာလှုပ်ရှားပြသမှုတွေက ခွဲစိတ်မှုတွေကို လူတယောက်တည်းက ပြုလုပ်နိုင်စေပါတယ်။ ဒီစက်ရုပ်အကူအညီနဲ့ ခွဲစိတ်မှုကို ကျနော်တယောက်တည်း လုပ်ခဲ့ပါတယ်” လို့ ဖန်ကီက ရိုက်တာကို ပြောပါတယ်။
AI ကို အသုံးပြုပြီး ခွဲစိတ်ကုသမှုတွေမှာ အကူအညီပေးနိုင်ဖို့ ကမ္ဘာတဝန်းမှာရှိတဲ့ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ လေ့လာသူတွေက ကြိုးစားမှုတွေ ပြုလုပ်နေပါတယ်။
ဒါ့ကြောင့် ၂၀၂၄ ခုနှစ်မှာ ခွဲစိတ်ခန်းသုံး စက်ရုပ်ဈေးကွက်က ဒေါ်လာ ၁၅ ဒသမ ၆ ဘီလီယံရှိပြီး ၂၀၃၄ ခုနှစ်မှာ ခွဲစိတ်ခန်းသုံး စက်ရုပ်ဈေးကွက်က ဒေါ်လာ ၆၄ ဒသမ ၄ ဘီလီယံအထိ ရှိမယ်လို့ လေ့လာချက်အရ ခန့်မှန်းရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဂျွန်ဟော့ကင်းတက္ကသိုလ် လေ့လာသူတွေက AI အသုံးပြု စက်ရုပ်တွေသုံးပြီး ဝက်ရဲ့အသဲနဲ့ သဲခြေအိတ် ခွဲစိတ်ကုသမှုလိုမျိုး ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေကို လေ့လာခဲ့ပါတယ်။
အဲဒီခွဲစိတ်ကုသမှုဟာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်တဲ့နေရာမှာ လူတွေအစား စက်တွေကို ပြောင်းလဲအသုံးပြုဖို့ အဓိက ခြေလှမ်းတခု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ချီလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်ကုသမှုကလည်း လူအစစ်ကို AI အကူအညီနဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့တာဖြစ်လို့ ခွဲစိတ်ကုသမှုမှာ လူတွေအသုံးပြုနေရာကနေ စက်တွေကို အသုံးပြုတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။
Source: Reuters