အခုအချိန်မှာ ဉာဏ်ရည်တု (AI)ကို ဖယ်ထုတ်လို့ မရဘူးဆိုတာ သေချာသွားပါပြီ။ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်ရဲ့ မကြာသေးခင်က အမျိုးသားနေ့ မိန့်ခွန်းကို ကြည့်လိုက်မယ်ဆိုရင် စင်ကာပူနိုင်ငံရဲ့ အလုပ်လုပ်ပုံ၊ သင်ယူပုံနဲ့ နေထိုင်မှုပုံစံတွေထဲမှာ AI ဟာ ပိုပြီးတော့တောင် အမြစ်တွယ်လာဦးမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ AI အပေါ် အလွန်အမင်း မှီခိုလာတာ၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ကျဆင်းလာတာ၊ ဖြတ်လမ်းလိုက်ချင်စိတ်တွေရှိလာတာ စတဲ့စိုးရိမ်မှုတွေကို ဝန်ကြီးချုပ်က အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ AI ရဲ့ အလားအလာတွေအပေါ် ပွင့်လင်းတဲ့စိတ်ဓာတ်ထားရှိကြဖို့ ပညာရေးသမားတွေနဲ့ မိဘတွေကို မစ္စတာဝေါင်က တိုက်တွန်းခဲ့ပါတယ်။
စိန်ခေါ်မှုကတော့ AI အပေါ် မှန်မှန်ကန်ကန်ထိန်းညှိတတ်ဖို့ပါပဲ။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို လူငယ်တွေ အပြည့်အဝအသုံးချနိုင်အောင် အားပေးဖို့ လိုပါတယ်။ ထို့အတူ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကနေလည်း ကာကွယ်ပေးဖို့ လိုတယ်ဆိုတဲ့အကြောင်း မစ္စတာဝေါင်က မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ၊ အထူးသဖြင့် မိဘတွေအတွက်တော့ အဲ့ဒါက ဘယ်လိုပုံစံမျိုး ဖြစ်လာမှာပါလဲ။
CNA Talking Point ရုပ်သံအစီအစဉ်ဟာ မကြာသေးခင်က ကျောင်းသား ၅၀၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အလယ်တန်းကျောင်းသားတွေထဲက ၈၄ ရာခိုင်နှုန်းဟာ သူတို့ရဲ့အိမ်စာတွေအတွက် တပတ်ကို အနည်းဆုံးတကြိမ် AI သုံးနေကြပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ChatGPT ရဲ့ အသက်ကန့်သတ်ချက်တွေကြောင့် အသက် ၁၃ နှစ်အောက် ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ တရားဝင်စစ်တမ်းကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ChatGPT ဟာ လွယ်လင့်တကူ ရှိနေတာကြောင့် မူလတန်းကျောင်းသားအရွယ် ကလေးတွေကို ChatGPT သုံးခွင့်ပေးတဲ့ မိဘအများကြီးကို ကျနော်သိပါတယ်။ ChatGPT ဟာ သုံးနှစ်မပြည့်ခင်မှာပဲ တပတ်ကို အသုံးပြုသူ သန်း ၈၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီမိဘတွေ ကိုယ်တိုင်ကပဲ AI ဟာ သင်ယူမှုကို အားပေးနိုင်သလား ဒါမှမဟုတ် ပိတ်ပင်တားဆီးနိုင်သလားဆိုပြီး စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်က ကျနော်ဟာ ကလေးမိဘ အယောက် ၁၀၀ လောက်နဲ့ AI webinar တခုကို စီစဉ်ခဲ့ပါတယ်။ သူတို့ကလည်း သူတို့သိချင်တဲ့ မေးခွန်းတွေ အများကြီး မေးမြန်းခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ “ကျနော်တို့ ကလေးတွေကို AI ကို တာဝန်သိသိနဲ့ အသုံးပြုတတ်အောင် ဘယ်လိုပျိုးထောင်ပေးရမလဲ။"၊ “ကလေးတွေကို ပုံအစစ်နဲ့ ပုံအတု ခွဲခြားတတ်အောင် ဘယ်လိုကူညီပေးရမလဲ”၊ “AI ကို သူတို့ရဲ့ပညာရေးအတွက် အသုံးချနိုင်သလို AI ရဲ့ အန္တရာယ်ကနေ ဘယ်လိုကာကွယ်ရမလဲ” ဆိုတဲ့ မေးခွန်းတွေပါပဲ။
ကျနော်ဟာ အလယ်တန်းကျောင်းဆရာတွေအတွက်လည်း AI အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေပါတယ်။ သူတို့တွေကလည်း အလားတူ AI နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ နောက်ပြီး AI ရဲ့ တိုးတက်မှုတွေနောက်ကို အမီလိုက်နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။
ဥပမာအားဖြင့် Google Gemini ရဲ့ နောက်ဆုံး ဗားရှင်းကိုပဲကြည့်လိုက်ပါ။ အဲ့ဒီဗားရှင်းမှာဆိုရင် အသုံးပြုသူတွေဟာ ညွှန်ကြားချက်အနည်းငယ် ပေးလိုက်တာနဲ့ web app တွေ၊ webpage တွေကို ချက်ချင်းဖန်တီးနိုင်စွမ်းရှိလာပါတယ်။ ဒါကြောင့် STEM ဘာသာရပ်နဲ့ မဆိုင်တဲ့ သူတွေကြားမှာတောင် "vibe coding" လို့ခေါ်တဲ့ trend အသစ်တခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ကျနော်ဟာ ပညာရေးသမားတဦးဖြစ်သလို တချိန်တည်းမှာပဲ မိဘတယောက်၊ AI နည်းပြတယောက်လည်းဖြစ်ပါတယ်။ ကျနော်တို့ဟာ ကြီးမားတဲ့ နည်းပညာပြောင်းလဲမှုကြီးကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒီလို အချိန်တွေမှာတောင် ကလေးတွေကို လမ်းညွှန်ပေးတာက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ကျနော်ယုံကြည်ပါတယ်။
ခုလိုအခြေနေမျိုးကြီးမှာ ကျနော်တို့ကိုယ်တိုင်ရော၊ ကလေးတွေကိုပါ အချက် ၃ ချက်နဲ့ ပြင်ဆင်ထားဖို့ လိုပါတယ်။ အဲ့ဒါတွေကတော့ AI အကြောင်း နားလည်တတ်ကျွမ်းမှု၊ သင်ယူမှုဖြစ်စဥ်ကို ရှင်းရှင်းလင်းလင်းနားလည်မှု၊ နက်ရှိုင်းတဲ့ လူသားတန်ဖိုးတွေပဲ ဖြစ်ပါတယ်။
မိဘတွေ AI အကြောင်း နားလည်တတ်ကျွမ်းလာရမယ်
ကျနော်တို့အားလုံး AI အကြောင်း နားလည်တတ်ကျွမ်းရမယ်လို့ ပြောလိုက်ရင် မိဘတွေ ညည်းညူကြမှာ သေချာပါတယ်။ ဒီနေ့ခေတ် ကျောင်းသင်ခန်းစာတွေကို နားလည်အောင်လုပ်ရတာကိုက ကျနော်တို့အတွက် အလုပ်တခုဖြစ်နေပြီလေ။ အခုတော့ “သင်ယူ” ရမယ့် ဘာသာရပ်တခု ထပ်တိုးလာတဲ့သဘောဖြစ်သွားပြီပေါ့။
ဒါပေမဲ့ သတင်းကောင်းကတော့ AI ကျောင်းစာအုပ်အထူကြီးတွေ ဝယ်ဖတ်ဖို့ မလိုတာပါပဲ။ AI အကြောင်း နားလည်တတ်ကျွမ်းဖို့ဆိုရင် ကိုယ့်ရဲ့နေ့စဥ်အလုပ်တွေမှာ AI ကို စပြီး သုံးကြည့်ဖို့ပဲ လိုတာပါ။
ChatGPT ဒါမှမဟုတ် Google Gemini လို AI app တွေကို သဒ္ဒါစစ်တာ၊ presentation အတွက် ပုံတွေဖန်တီးတာ၊ အွန်လိုင်းမှာ သုတေသနလုပ်တာ၊ ဒါမှမဟုတ် ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတာလိုမျိုး စတဲ့ နေ့စဥ်အလုပ်တွေမှာ အသုံးပြုကြည့်ပါ။ ဒါမှ ဒီနည်းပညာရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်တိုင်သိရှိလာမှာဖြစ်ပါတယ်။
အဲ့ဒီလို အမြဲတမ်းအသုံးပြုနေမယ်ဆိုရင် AI ဟာ ဘယ်လို “သတင်းအမှားတွေ ထုတ်ပေးတတ်လဲ”၊ သူ့ကို လေ့ကျင့်မပေးထားတဲ့ အလုပ်တွေကို မလုပ်နိုင်ဘူးဆိုတဲ့ အချက်တွေကိုပါ သိရှိလာပါလိမ့်မယ်။
ကလေးတွေနဲ့အတူ ဒီပျော်စရာလေ့ကျင့်ခန်းလေးကို စမ်းလုပ်ကြည့်ပါ။ ChatGPT ဒါမှမဟုတ် တခြား ပုံဖန်တီးတဲ့ AI app တခုခုမှာ လက်တံပါတဲ့ နာရီပုံတခုကို ဖန်တီးခိုင်းလိုက်ပါ။ ခင်ဗျားဘယ်အချိန်ကိုပဲ ဖန်တီးခိုင်းပါစေ နာရီလက်တံတွေက 10:10 မှာပဲ ရပ်နေတာကို တွေ့ရပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ AI ကို လေ့ကျင့်ပေးထားတဲ့ နာရီမျက်နှာပြင်ပုံအများစုဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် 10:10 ကိုပဲ ချိန်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
AI အကြောင်း အတော်လေး သိသွားပြီဆိုရင် ခင်ဗျားကလေးတွေကို လမ်းညွှန်ပေးဖို့ ပိုပြီးအဆင်သင့်ဖြစ်နေပါပြီ။
သင်ယူမှုဖြစ်စဥ်ကို နားလည်ခြင်း
ChatGPT ထွက်ပြီး ပထမ ၂ နှစ်အတွင်းမှာပဲ ကျောင်းသားတွေရဲ့ အိမ်စာတွေမှာ AI အသုံးပြုမှုရှိမရှိ စစ်ဆေးရှာဖွေတဲ့ tool တွေ အများကြီးထွက်ရှိလာခဲ့ပါတယ်။ အိမ်စာတွေမှာ AI အသုံးပြုထားမထားနဲ့ ပတ်သက်ပြီး ဆရာနဲ့ကျောင်းသားကြားက အငြင်းပွားမှု ဇာတ်လမ်းတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ ပညာရေးသမားအများစုဟာ AI စစ်ဆေးတဲ့ ဘယ် tool ကမှ ရာနှုန်းပြည့် တိကျမှုကို အာမမခံနိုင်ဘူးဆိုတဲ့အကြောင်း သိလာကြပါပြီ။
CNA သတင်းတပုဒ်မှာဆိုရင် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) က ကထိက ဂျော်နသန်စင်မ်က စာတပုဒ်တည်းကိုပဲ AI အမျိုးမျိုးသုံးပြီး စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုမှာ tool တခုက ဒီစာကို AI နဲ့ ၇၄ ရာခိုင်နှုန်းအထိ ဖန်တီးထားတယ်လို့ ဆိုပြီး၊ နောက်တခုကတော့ လူကပဲ လုံးဝဖန်တီးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကျနော့်အမြင်ကတော့ လူအများစုဟာ AI ကို သုံးနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် လူတွေ ဘယ်လိုသင်ယူကြသလဲဆိုတာကို လေ့လာပြီး ဘယ်အချိန်မှာ နည်းပညာကို သင်ယူမှုဖြစ်စဥ်ကနေ ဖယ်ထုတ်ထားမလဲဆိုတာကို ဆုံးဖြတ်တာက ပိုပြီးအကျိုးရှိမယ်လို့ ထင်ပါတယ်။
ဥပမာ - မူလတန်းကျောင်းမှာဆိုရင် အမြှောက်ဇယားတွေကို သင်ယူတဲ့အခါ အလွတ်ကျက်မှတ်ဖို့ လိုအပ်နေတုန်းပါပဲ။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ လူကြီးဖြစ်လာတဲ့အခါ စိတ်ထဲကနေ ဂဏန်းတွက်နိုင်မှာ မဟုတ်ပါဘူး။
“၅၀ x ၅၀” ရဲ့အဖြေကို သိဖို့အတွက် ChatGPT ကိုပဲ အားကိုးနေလို့တော့ မဖြစ်ဘူးမလား။
စာစီစာကုံးရေးတဲ့နေရာမှာတော့ AI က ထုတ်ပေးတဲ့အချက်တွေနဲ့ ရေးနိုင်ပေမဲ့ စာစီစာကုံးကိုတော့ ကိုယ်တိုင်လက်ရေးနဲ့ ရေးရမှာ ဖြစ်ပါတယ်၊ ဒါမှ ဦးနှောက်က အတွေးအခေါ်တွေ သဘောတရားတွေကို ပေါင်းစပ်ဖို့ အလုပ်လုပ်မှာပါ။
AI ကိုတော့ နောက်ပိုင်းမှာ စာစီစာကုံးကို ပြန်လည်စစ်ဆေးဖို့နဲ့ စာလုံးပေါင်းအမှားတွေကို စစ်ဖို့ အသုံးချနိုင်ပါတယ်။ ဒါက စာရွက်နဲ့ ဘောပင်ကိုင်ပြီးဖြေရတဲ့ အခြေအနေတွေဆီကို ပြန်သွားရမယ်... ပြီးတော့ လက်ညောင်း ခံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နိုင်ပါတယ်။
ကျနော် အခုစာသင်ကြားနေတဲ့ နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှာတော့ သမားရိုးကျ ရေးဖြေစစ်ဆေးမှုတွေအစား နှုတ်ဖြေစစ်ဆေးမှုတွေကို ပိုပြီးပြောင်းလဲကျင့်သုံးလာနေပါပြီ။
သူတို့ရဲ့ နှုတ်ဖြေတင်ဆက်မှုတွေမှာဆိုရင် ဘွဲ့ကြိုကျောင်းသားတွေဟာ သူတို့ဘယ်လို တွေးသလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြရပါတယ်။ ပြီးမှ ကျနော့်ရဲ့ မေးခွန်းတွေကို ဖြေဆိုကြရပါတယ်။
ဒါဟာ အချိန်ကုန်ပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဂရိဒဿနပညာရှင် ဆိုကရေးတီး (Socrates) လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ သင်ကြားမှုသင်ယူမှု နည်းလမ်းတခု ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ ဘယ်ခေတ်အခါမဆို အသုံးဝင်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ကိုယ့်ကလေးရဲ့ ဆရာနဲ့ သူတို့ရဲ့ AI အသုံးပြုမှုဆိုင်ရာ မူဝါဒတွေအကြောင်း ဆွေးနွေးသင့်ပါတယ်။ ပြီးမှ သီးခြားဘာသာရပ်တွေမှာ AI က ဘယ်လိုကူညီနိုင်သလဲ ဒါမှမဟုတ် အဟန့်အတားဖြစ်စေနိုင်သလဲဆိုတာကို လေ့လာသင့်ပါတယ်။
လူသားဆန်တဲ့တန်ဖိုးတွေကို ပျိုးထောင်ပေးခြင်း
အခုပြောမယ့် အလုပ်ဟာ မိဘတွေအတွက် အခက်ခဲဆုံးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးအလုပ်တခုလည်း ဖြစ်ပါတယ်။ အဲ့တာကတော့ AI ကို အမှားအမှန်ခွဲခြားပြီး အသုံးပြုတတ်အောင် ကလေးတွေကို ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။၊ အထူးသဖြင့် အခုလို AI နဲ့ မဖြစ်မနေ ပတ်သက်နေရတဲ့ ခေတ်ကာလကြီးမှာ Deepfakes တွေနဲ့ သတင်းမှားတွေကို ခွဲခြားရခက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။
ကျနော့်အမြင်ကတော့ ကျနော်တို့ဟာ သတိတရားရယ်၊ ရိုးသားမှုရယ် ဆိုတဲ့တန်ဖိုးတွေကို နှစ်ဆတိုးမြှင့်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။
WIRED ရဲ့ ပူးတွဲတည်ထောင်သူ စာရေးဆရာ ကယ်ဗင်ကယ်လီရေးခဲ့သလိုပါပဲ “ရိုးသားတဲ့လူတယောက်ကို လိမ်လည်ဖို့ ခက်တယ်”။ ရိုးသားဖြောင့်မတ်မှုနဲ့ သတိရှိတဲ့ လူတယောက်ဟာ သူမြင်ရသမျှ အရာတွေကို သေသေချာချာဂရုစိုက်မှာပါ။ ပြီးရင် အဲ့ဒီအရာတွေ ဒီအရာတွေကို အပေါ်ယံကြည့်ပြီး အလွယ်တကူ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကလေးတွေကို သတင်းရင်းမြစ်တွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာ သင်ပေးရမှာပါ။ ပြီးရင် AI တွေမှာ စက်တွေမှာ ကိုယ်ကျင့်တရားမရှိဘူးဆိုတာကိုလည်း သတိပေးထားရပါမယ်။ နောက်ဆုံးကတော့ ကျောင်းမှာ တကယ်မသင်ယူဘူးဆိုရင် အကျိုးဆက်တွေ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ သူတို့လေးတွေ သိအောင် လုပ်ပေးရပါမယ်။ ခုလို လုပ်ဆောင်ချက်တွေအားလုံးရဲ့ အခြေခံကတော့ ကျနော်တို့ရဲ့ လူသားဖြစ်တည်မှုကို ထိန်းသိမ်းထားချင်တဲ့ ဆန္ဒပဲဖြစ်ပါတယ်ေ
AI app တွေဟာ အလကားရနိုင်ပြီး အလွယ်တကူလည်းသုံးနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ တွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်အားလုံးကို AI ကို လွှဲအပ်လိုက်ဖို့ သွေးဆောင်မှုတခုလို ဖြစ်လာနေပါတယ်။ ကျနော်တို့သာ အဲ့ဒီလို လွှဲအပ်လိုက်မယ်ဆိုရင် AI algorithm တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတော့မယ့် အန္တရာယ်မျိုးရှိလာမှာပါ။
ကျနော်တို့ကလေးတွေနဲ့ ကျနော်တို့ကိုယ်တိုင် အဲ့ဒီလိုအဖြစ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။
အီရန်ယောင်ဟိုတန်
Ref: CNA
အီရန် ယောင်ဟိုတန်သည် နန်ယန်းနည်းပညာတက္ကသိုလ်၊ ဝီကင်မ်ဝီ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကျောင်းမှ မဟာဗျူဟာမြောက် ဆက်သွယ်ရေးဆိုင်ရာ ကထိကတဦး ဖြစ်သည်။ သူသည် မီဒီယာနှင့် နည်းပညာစက်မှုလုပ်ငန်းများတွင် အလုပ်လုပ်ခဲ့သော အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိသည်။ သူသည် အဖွဲ့အစည်းများကို Gen AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက်လည်း နည်းပြပေးလျက်ရှိသည်။)