
ဘူခါရက်စ်အပေါ် ရုရှားရဲ့ ရန်စမှုအသစ်တခုကို ကိုင်တွယ်ဖြေရှင်းနေပြီး နိုဝင်ဘာ ၂၅ ရက်က ရိုမေးနီးယား လေပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်လာတဲ့ ရုရှားဒရုန်း တခုကိုလည်း ရိုမေးနီးယားစစ်တပ်နဲ့ ဂျာမန်ယူရိုဖိုက်တာ တိုက်လေယာဉ်တို့က ပစ်ချဖို့ ကြိုးစားခဲ့တယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး အီယိုးနုထ် မိုးစတားနူက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ ရိုမေးနီးယားနိုင်ငံ မီဟိုင်းလ် ကိုဂါလ်နီချာနူ လေတပ်စခန်းရှိ အမေရိကန်တပ်ဖွဲ့တွေဆီ သွားရောက်ချိန်မှာ ပြောကြားခဲ့တာပါ။
အဲဒီလေတပ်စခန်းမှာပဲ အမေရိကန်စစ်တပ် ဥရောပနဲ့ အာဖရိကဆိုင်ရာ တပ်မှူး ဗိုလ်ချုပ်ကြီး ခရစ်စ်တိုဖာဒေါနားဟျူးကလည်း ဒရုန်းတွေကို ပစ်ချဖို့ စမ်းသပ်နေတဲ့ စွမ်းရည်အသစ်တခုကို ရိုမေးနီးယားမှာ ဖြန့်ကြက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ စမ်းသပ်ပြီးဖြစ်ပြီး အသုံးပြုဖို့ နောက်ဆုံးအဆင့် ရောက်နေပြီ" လို့လည်း ဆိုပါတယ်။
ရိုမေးနီးယားစစ်သားတွေနဲ့ တခြားမဟာမိတ်စစ်သားတွေကို ဒီစွမ်းရည်အတွက် လေ့ကျင့်ပေးထား ပြီးဖြစ်ပြီး ဒါနုဘ်မြစ်ဝကျွန်းပေါ်မှာ ဒီစွမ်းရည်ကို မကြာမီ မြင်တွေ့ရပါလိမ့်မယ်လို့လည်း ဆိုပါတယ်။
အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနယ်စပ်အနီး ရိုမေးနီးယား နယ်မြေထဲကို ကျူးကျော် ဝင်ရောက်လာတဲ့ ဒရုန်းတွေကို ခြေရာခံဖို့ ရိုမေးနီးယား တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ရိုမေးနီးယားနဲ့ ဂျာမန် နေတိုး တိုက်လေယာဉ်တွေဟာ အရင်ကထက် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာတဲ့ ဒရုန်း ကျူးကျော်မှုကို တုံ့ပြန်ဖို့ အရေးပေါ်ထွက်ခွာခဲ့ကြပါတယ်။
အင်္ဂါနေ့က ကျူးကျော်ဝင်ရောက်မှုဟာ ရုရှားရဲ့ ၂၀၂၂ ခုနှစ် ယူကရိန်းကို အပြည့်အဝ ကျူးကျော်မှုနောက်ပိုင်း ရိုမေးနီးယားက သူ့လေပိုင်နက်ထဲကို ၁၃ ကြိမ်မြောက် ဝင်ရောက်မှု ဖြစ်ကြောင်း သတင်းပို့ခဲ့ပါတယ်။
အနက်ရှိုင်းဆုံးဖြစ်ခြင်းအပြင် ညအချိန်မှာတောင် မဟုတ်ဘဲ နေ့ခင်းအချိန်မှာ ဖြစ်ပွားခဲ့တဲ့ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက နောက်ပိုင်းမှာ ပေါက်ကွဲရေးပစ္စည်းတွေ မပါရှိတဲ့ ဒရုန်းအပိုင်းအစတွေကို ရိုမေးနီးယားနယ်မြေမှာ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားဒရုန်းတွေဟာ ဒါနုဘ် မြစ်တစ်ဖက်ခြမ်းရှိ ရိုမေးနီးယားနယ်စပ်အနီးမှာ ယူကရိန်းဆိပ်ကမ်းတွေ ကို ညလုံးပေါက် တိုက်ခိုက်ခဲ့ပါတယ်။
ရိုမေးနီးယားမှာ အသက်အိုးအိမ်တွေ အန္တရာယ်ရှိလာပြီဆိုရင် ငြိမ်းချမ်းနေချိန်မှာ ဒရုန်းတွေကို ပစ်ချနိုင်တဲ့ ဥပဒေတွေ ရှိနေပေမယ့်လည်း အပြည့်အဝ အသုံးမပြုရသေးပါဘူး။
သံသယဖြစ်ဖွယ် ရုရှားဒရုန်းတွေဟာ နေတိုးနိုင်ငံအတော်များများရဲ့ လေပိုင်နက်ကို ချိုးဖောက် ဝင်ရောက်ပြီးနောက် မကြာသေးမီလတွေအတွင်း ဥရောပရဲ့ အရှေ့ဘက်ခြမ်းတလျှောက်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ရိုမေးနီးယားနိုင်ငံရှိ မီဟိုင်းလ် ကိုဂါလ်နီချာနူ လေတပ်စခန်းဟာ လက်ရှိမှာ ရိုမေးနီးယား လေတပ်စခန်းတခုဖြစ်ပေမဲ့ အမေရိကန်စစ်တပ်ရဲ့ အရေးပါမှုကို လက်ခံထားပြီး ဥရောပမှာ အကြီးဆုံး နေတိုးစစ်စခန်းအဖြစ် ပြောင်းလဲနေပါတယ်။
Source: Reuters


