
ရုရှားနဲ့ စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မူ -၂၈ ချက်ကို ပြင်ဆင်ရေး အဆိုပြုချက်တွေကို ကြိုဆိုကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက နိုဝင်ဘာ ၂၄ ရက် ညမှာ ပြောကြားလိုက်ပါတယ်။
ဇလန်းစကီးက “လက်ရှိမှာတော့ ဂျီနီဗာမှာ ဆွေးနွေးပြီးတဲ့အခါ၊ အချက်တွေ ပိုနည်းသွားပြီ။ ၂၈ ချက် မရှိတော့ပါဘူး။ မူဘောင်ထဲကို မှန်ကန်တဲ့ အခြေခံသဘောတရား အများအပြားထည့်သွင်းပြီးပါပြီ" လို့ ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ထိလွယ်ရှလွယ်ကိစ္စတွေကိုတော့ ထရမ့်ပ်နဲ့ ဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရုရှားသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်ကတော့ ဥရောပရဲ့ ပြင်ဆင်ချက်တွေဟာ လုံးဝ အလုပ်မဖြစ်နိုင်ဘူးလို့ ချက်ချင်း ပယ်ချလိုက်ပါတယ်။
ထရမ့်ပ်ရဲ့ မူ -၂၈ ချက်ဆိုတာ ရုရှားက ရေးပေးထားတယ်ဆိုတဲ့အချက်ကို အမေရိကန်ဘက်က ငြင်းထားသလို၊ ရုရှားဘက်လိုက်တယ်ဆိုတာ မမှန်ဘူးလို့လည်း ဖြေရှင်းထားပါတယ်။
အဲဒီအထဲမှာ ရုရှား အသာစီးရစေတဲ့ အချက်တွေကို ပြန်ဖျက်ထားတဲ့ ပြင်ဆင်ချက်မူကြမ်းကိုတော့ ဥရောပမဟာမိတ်တွေက ပြုစုထားတယ်လို့ ယူဆရပါတယ်။
သမ္မတထရမ့်ပ်ဘက်ကတော့ နိုဝင်ဘာ ၂၇ ရက် နောက်ဆုံးထားပြီး ဒီမူကို သဘောမတူရင် အမေရိကန်ရဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းသွားမယ်လို့ သတိပေးထားပါတယ်။
ဒီလို နိုင်ငံရေးအရ ဆွေးနွေးနေချိန် နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာပဲ ရုရှားက ယူကရိန်းစွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာ လူနေတိုက်ခန်းတွေ ထိမှန်ခဲ့သလို ရေနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေကြောင်း မြို့တော်ဝန်က အတည်ပြုထားပါတယ်။


