
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်သွားတာနဲ့အမျှ ဥရောပသမဂ္ဂဟာ ယူကရိန်းကို ဆက် ထောက်ခံသွားမယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကို့စ်တာက နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို သံတမန်ရေးပံ့ပိုးမှု၊ စစ်ရေးပံ့ပိုးမှု၊ စီးပွားရေးပံ့ပိုးမှုတို့ အပါအဝင် လိုအပ်တဲ့ ပံ့ပိုးမှုအားလုံးကို ဆက်ပေးဖို့ ကတိပြုထားတယ်လို့ ကို့စ်တာက ပြောခဲ့တာပါ။
အန်ဂိုလာနိုင်ငံမြို့တော် လူအန်ဒါမှာ ကျင်းပတဲ့ ဥရောပခေါင်းဆောင်တွေရဲ့ ဥရောပ- အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းဆိုင်ရာ အလွတ်သဘောတွေ့ဆုံမှုအပြီးမှာ EU အကြီးအကဲ အာဆူလာ ဗွန်ဒါ လေယန်နဲ့ ပူးတွဲ ကြေညာချက် အတွင်း သတင်းထောက်တွေကို ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဂျီနီဗာမှာ ဥရောပက ခိုင်ခိုင်မာမာ ရှိနေလို့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရခဲ့ပြီး အခု ရှေ့ဆက်သွားဖို့ ခိုင်မာတဲ့ အခြေခံတခုရှိနေပြီလို့ ဗွန်ဒါလေယန်က ထပ်လောင်းပြောခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကရိန်းတို့ နိုဝင်ဘာ ၂၃ ရက်မှာ ဆွစ်ဇာလန်နိုင်ငံမှာ အပြန်အလှန်လက်ခံနိုင်တဲ့ ငြိမ်းချမ်းရေး အစီအစဉ်တရပ် ရေးဆွဲဖို့ ဆွေးနွေးအပြီး ဒီအလွတ်သဘောတွေ့ဆုံမှု ပေါ်ပေါက်လာတာပါ။
ယူကရိန်းအစိုးရနဲ့ ဥရောပမဟာမိတ်တွေက အမေရိကန်ရဲ့ အဆိုပြုချက်ကို ပြင်ဆင်ဖို့ သဘောတူခဲ့ကြပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြပြီး ယူကရိန်းအစိုးရနဲ့ ဥရောပနိုင်ငံတွေကို မျက်ကွယ်ပြုခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အသေအပျောက် အများဆုံးစစ်ပွဲကို အဆုံးသတ်ဖို့ မူဘောင် တခုအတွက် သဘောတူဖို့ ယူကရိန်းကို ကြာသပတေးနေ့အထိ အချိန်ပေးခဲ့ပါတယ်။
Source: Reuters


