
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောအပြီး လာမယ့် ဧပြီလမှာ တရုတ်မြို့တော် ပေကျင်းဆီ သွားရောက်လည်ပတ်ဖို့ သဘောတူခဲ့ပြီး ရှီကိုလည်း လာမယ့် နှစ်ကုန်ပိုင်း အမေရိကန်ကို လာလည်ဖို့ နိုင်ငံတော်ခရီးစဉ်အတွက် ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တလနီးပါးက တောင်ကိုရီးယားမှာ တွေ့ဆုံခဲ့တဲ့ ထရမ့်ပ်နဲ့ ရှီတို့ဟာ ကုန်သွယ်ရေး၊ ရုရှားက ယူကရိန်းကို ကျူးကျော်မှု၊ ဖန်တနောလ်နဲ့ ထိုင်ဝမ် အပါအဝင် ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ဟာ တချိန်က ဖက်ဆစ်ဝါဒနဲ့ စစ်ရေးဝါဒကို ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ကြတယ်လို့ ရှီက မှတ်ချက်ပြုခဲ့ပြီး လက်ရှိမှာ ဒုတိယကမ္ဘာစစ်ရဲ့ အောင်ပွဲရလဒ်တွေကို ပူးတွဲကာကွယ်သင့်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
ထရမ့်ပ်က ရှီဟာ ကြီးကျယ်တဲ့ ခေါင်းဆောင် တယောက်ဖြစ်ပြီး ဘူဆန်မှာ တွေ့ဆုံမှုကို အလွန်နှစ်သက်တယ်လို့ ပြောပါတယ်။
နှစ်ဖက် ဆက်ဆံရေးအပေါ် ရှီရဲ့အမြင်တွေကို အပြည့်အဝသဘောတူပြီး ကိုရီးယားကျွန်းဆွယ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာရခဲ့တဲ့ အရေးကြီးတဲ့ သဘောတူညီချက်အားလုံးကို နှစ်နိုင်ငံစလုံးက အကောင်အထည်ဖော်နေတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အောင်ပွဲမှာ တရုတ်နိုင်ငံကလဲ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ထိုင်ဝမ် ပြဿနာက တရုတ်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အမေရိကန်ပြည်ထောင်စုက နားလည်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“တရုတ်နဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးက အလွန်ခိုင်မာပါတယ်”လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
နှစ်နိုင်ငံစလုံးဟာ “တန်းတူညီမျှမှု၊ လေးစားမှုနဲ့ အပြန်အလှန်အကျိုးစီးပွားတို့အပေါ် အခြေခံပြီး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသင့်တယ်၊ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းသင့်တယ်လို့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်သတင်းဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters


