
ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေး အမေရိကန်ရဲ့ အစီအစဉ်က နောက်ဆုံး ကမ်းလှမ်းချက် မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဥရောပ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံခေါင်းဆောင်တို့က အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်က တရားမျှပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပေမဲ့ ထပ်ပေါင်းအလုပ်တွေ လိုအပ်တယ်လို့ နိုဝင်ဘာ ၂၂ ရက်က ပြောဆိုခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ ယူကရိန်းရဲ့ နယ်မြေတွေပေးရမှာနဲ့ ယူကရိန်းစစ်တပ် အကန့်အသတ်နဲ့ ထားရှိရမယ့် အကြောင်းတွေအပေါ် စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နဲ့ ယူကရိန်းတို့ရဲ့ လုံခြုံရေးအရာရှိတွေဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီနေ့ တွေ့ဆုံမယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရို၊ အထူးသံတမန်စတိဗ်ဝတ်ကော့နဲ့ ဗြိတိန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်နသန်ပိုဝဲလ်တို့ တက်ရောက်မှာဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ နိုင်ငံရဲ့သမိုင်းတလျှောက် အခက်အခဲဆုံးအချိန်ကို ရောက်နေပြီလို့ ရုရုားကို အသာပေးဖော်ပြထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး လက်ခံဖို့ အမေရိကန်ရဲ့ ဖိအားရှိနေပြီလို့ သတိပေးထားပါတယ်။
ထရမ့်ပ်က အချက် ၂၈ ချက်ပါ အစီအစဉ်ကို လက်ခံဖို့ ယူကရိန်းကို နိုဝင်ဘာ ၂၇ ရက်အထိ အချိန်ပေးထားပါတယ်။
အဲဒီအချိန်မှာပဲ ရုရှားသမ္မတ ပူတင်က ဒီအချက်တွေက ငြိမ်းချမ်းရေးအစီအစဉ်တွေအတွက် အဓိက အချက်ဖြစ်တယ်လို့ ပြောဆိုထားတာလည်း တွေ့ရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၂ ရက်မှာ သတင်းထောက်တွေက ထရမ့်ပ်ကို မေးမြန်းရာ “နောက်ဆုံးကမ်းလှမ်းချက် မဟုတ်ပါဘူး။ စစ်ပွဲကို အဆုံးသတ်ဖို့ နည်းလမ်း ၁ ခု ဒါမှမဟုတ် အခြား နည်းလမ်းတွေ အသုံးပြုရမှာပါ။ ဒါ့ကြောင့် ဒီလိုလုပ်တာပါ” လို့ ဖြေကြားထားပါတယ်။
တောင်အာဖရိကမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးပွဲမှာ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေ နိုင်ငံခေါင်းဆောင်တွေက ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ “ဒီငြိမ်းချမ်းရေးမူကြမ်းထဲမှာ အခြေခံအချက်တွေ ထပ်ထည့်ဖို့ လိုပါတယ်။ အနာဂတ်ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့ ကျနော်တို့ ပါဝင်ဆွေးနွေးဖို့ အသင့်ရှိပါတယ်။ နယ်စပ်ဒေသတွေကို အင်အားသုံး ပြောင်းလဲဖို့မလိုဘူး ဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒက ရှင်းလင်းပါတယ်။ ယူကရိန်းစစ်တပ်ကို ကန့်သတ်တာမျိုးကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ ဒီလိုလုပ်တာက ယူကရိန်းကို အနာဂတ် ကျူးကျော်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ အင်အားနည်းစေမှာပါ” လို့ ပါဝင်ပါတယ်။
Source: Reuters


