
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဇာပိုရစ်ချ်ဇီးယားမြို့ကို နိုဝင်ဘာ ၂၀ ရက် နှောင်းပိုင်းမှာ ရုရှားရဲ့ တိုက်ခိုက်မှုတခုကြောင့် လူ ၅ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အီဗန် ဖက်ဒရော့ဗ်က ပြောကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးဟာ ရုရှားက ပဲ့ထိန်းဗုံးတွေနဲ့ မကြာခင်မှာ တိုက်ခိုက်တော့မယ်လို့ အစောပိုင်းမှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
မီးငြှိမ်းသတ်ဖို့နဲ့ ဒဏ်ရာရ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့အတွက် အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီး ၄ နှစ်နီးပါး အကြာမှာ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံရဲ့ ၁၉ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီး ရှေ့ကို ဆက်လက်ချီတက်နေတာပါ။
မော်စကိုက ယူကရိန်းရဲ့ ဒေသ ၄ ခုဟာ အခု ရုရှားရဲ့ တရားဝင်နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ယူကရိန်းနဲ့ အနောက်ဥရောပ အင်အားကြီးနိုင်ငံတွေက လက်မခံကြောင်း ပြောကြားခဲ့ပါတယ်။
ပူတင်ဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ သူ့ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖော်ပြခဲ့ပြီး ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့ NATO စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ကို စွန့်လွှတ်ကြောင်း ကြေညာဖို့နဲ့ မော်စကိုက ရုရှားရဲ့အပိုင်လို့ ကြေညာထားတဲ့ ခရိုင် ၄ ခုကနေ တပ်တွေကို ပြန်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီနယ်မြေတွေကတော့ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်ဘတ်စ်ကို ဖွဲ့စည်းထားတဲ့ ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ်ဒေသတို့ဖြစ်ပြီး တောင်ပိုင်းရှိ ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီးယားဒေသတို့ ဖြစ်ပါတယ်။
Source: Reuters


