
ယူကရိန်းနိုင်ငံအနောက်ပိုင်း တာနိုးပီးလ်မြို့မှာ ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် တိုက်ခန်း အဆောက်အအုံတွေကို ထိမှန်ပျက်စီးခဲ့ပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးကာ အများအပြား ပျောက်ဆုံးနေကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ညလုံးပေါက် တိုက်ခိုက်မှုတွေအပြီးမှာ ကလေး ၃ ယောက်အပါအဝင် လူ ၂၆ ယောက် ပျောက်ဆုံးနေပြီး လူ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်တာစ်ရုပ်သံမှတ်တမ်းထဲမှာတော့ တိုက်ခိုက်မှုကြောင့် တာနိုးပီးလ်ရှိ လူနေအဆောက်အအုံတခုရဲ့ အပေါ်ထပ်တွေ ပျက်စီးသွားတာ၊ မီးသတ်သမားတွေဟာ မီးတောက်မီးလျှံတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာပဲ မီးခိုးတွေထွက်လာပြီး မီးလောင်ဒဏ်ရာရရှိနေကြတဲ့ ဒေသခံတွေဟာ အပြင်ဘက်မှာ စုဝေးနေကြရင်း မိသားစုဝင်တွေရဲ့ သတင်းကို စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၃ ယောက် ပါဝင်ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း အရာရှိတွေက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံကို ဒရုန်း ၄၇၆ စင်းနဲ့ ဒုံးကျည် ၄၈ စင်း ပစ်ခတ်ခဲ့ပြီး စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တာကြောင့် အေးခဲနေတဲ့ အပူချိန်အတွင်း ဒေသအများအပြားမှာ အရေးပေါ် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဗိုလိုဒီမာဇလန်းစကီးဟာ မော်စကိုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်အသက်သွင်းဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေအတွက် တူရကီကို သွားရောက်နေချိန်မှာပဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ဇလန်းစကီး ဟာ ကိယက်ဗ်ကို လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ပိုမိုပေးအပ်ဖို့ အပါအဝင် ယူကရိန်းနိုင်ငံရှိ ၄ နှစ် နီးပါးကြာနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့လည်း မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
Source:Reuters


