
ယူကရိန်းနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကနေ ရာသီဥတု ပူနွေးလာစေတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေ မြင့်တက်လာတာနဲ့ ဆက်စပ်တဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ရုရှားဆီက အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနီးပါး တောင်းဆိုဖို့ စီစဉ်ထားကြောင်း ယူကရိန်းနိုင်ငံရဲ့ စီးပွားရေး၊ ပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး ပါဗ်လို ကာတာရှို့ဗ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ဒီစစ်ပွဲရဲ့ သားကောင်တွေအပြင် လူအများကြီး သေဆုံးခဲ့ရပြီးတော့ ယူကရိန်းရဲ့ သဘာဝနဲ့ ပတ်ဝန်းကျင် ဂေဟစနစ်တွေဟာ ဒီစစ်ပွဲရဲ့ အသံတိတ် သားကောင်တွေပါပဲ။ ဒါကြောင့် ရေ၊ မြေနဲ့ သစ်တောတွေမှာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေလည်း အများအပြား ထပ်ထွက်လာတယ်။”
ဒီဆောင်ရွက်မှုဟာ စစ်ပွဲတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရုပ်ကြွင်းလောင်စာတွေ၊ ဘိလပ်မြေနဲ့ သံမဏိတွေ၊ မီးလောင်မှုတွေကြောင့် သစ်တောသစ်ပင်တွေ ပျက်စီးတာ အပါအဝင် ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာခြင်းအတွက် ထိခိုက်နစ်နာမှုတွေကို နိုင်ငံတနိုင်ငံက ပထမဆုံးအကြိမ် တောင်းဆိုတာလည်း ဖြစ်ပါတယ်။
COP30 မှာ အစည်းအဝေး တက်ရောက်နေတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်တယောက်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒတ်ခ်ျကာဗွန်စာရင်းကိုင်ပညာရှင် လန်းနာ့ဒ် ဒီ ကလာ့ခ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား ကျူးကျော်ပြီးကတည်းက စစ်ပွဲဟာ နောက်ထပ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၃၇ သန်းလောက်နဲ့ ညီမျှတဲ့ ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ဒါဟာ တရားမဝင် လုပ်ရပ်တခုရဲ့ ရလဒ်အနေနဲ့ ကာဗွန်ထုတ်လွှတ်မှုအတွက် နိုင်ငံတနိုင်ငံက တာဝန်ယူရမယ့် ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ သူကပြောပါတယ်။
ရုရှားကြောင့် ကာဗွန်ထုတ်လွှတ်မှုဟာ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနဲ့ ဩစတြီးယားတို့ ပေါင်းစပ်ထားတဲ့ နှစ်စဉ်ထုတ်လွှတ်မှု ပမာဏနီးပါး တူညီနေတာပါ။
ဒါဟာ ယူကရိန်းတနိုင်ငံတည်းရဲ့ကိစ္စ မဟုတ်တော့ဘဲ ဒီပျက်စီးဆုံးရှုံးမှုတွေရဲ့ အကျိုးဆက်တွေဟာ ယူကရိန်းထက် ကျော်လွန်သွားတာကြောင့်လို့လည်း ဆိုပါတယ်။
ဒီကလာ့ခ်က သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်နိုင်တဲ့ ထိခိုက်ပျက်စီးမှုကို တန်ဖိုးတွက်ထားတဲ့ ၂၀၂၂ ခုနှစ် Nature စာတမ်းအပေါ် အခြေခံပြီး ကာဗွန်တန်ဖိုးကို တတန် ၁၈၅ ဒေါ်လာနဲ့ ယူကရိန်းကို ထိခိုက်ပျက်စီးမှုအတွက် ကျသင့်ငွေကို ကူတွက်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။


