
ရုရှား ကျူးကျော်မှုအပေါ် ယူကရိန်းဘက်က အနိုင်ရစရာအကြောင်း မရှိဘဲ ဥရောပသမဂ္ဂ (EU) က ဘဏ္ဍာရေးအရ ဆက်လက်ပံ့ပိုးနေတာဟာ “ရူး” လို့ပဲလို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားလိုက်ပါတယ်။
နောင်နှစ်အတွက် ယူကရိန်းကို ဘဏ္ဍာရေးအရ ဆက်ပံ့ပိုးနိုင်ဖို့ ဥရောပနိုင်ငံတွေက အသည်းအသန် ကြိုးပမ်းနေရပြီးတော့ ရုရှား-ယူကရိန်း မကြာခင် အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ မျှော်လင့်ချက် မှေးမှိန်လာချိန်မှာပဲ အော်ဘန်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအတွက် ဘဏ္ဍာရေးထောက်ပံ့မှုဟာ ဥရောပကို စီးပွားရေး၊ ဘဏ္ဍာရေးအရ “သတ်” နေသလို ဖြစ်စေပြီး ရူးရာရောက်တယ်လို့ ဂျာမန်မီဒီယာဂရု Axel Springer နဲ့ အင်တာဗျူးတခုမှာ အော်ဘန်က ပြောကြားခဲ့ပါတယ်။
ဟန်ဂေရီဟာ အရင်ကလည်း ရုရှားအပေါ် ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးတာ၊ ယူကရိန်းအတွက် ဘဏ္ဍာရေးထောက်ပံ့ပေးတာတွေကို ဆန့်ကျင်ခဲ့ပါတယ်။
ရုရှား ရေနံအပေါ် အမေရိကန် အရေးယူပိတ်ဆို့မှုမှာလည်း ကင်းလွတ်ခွင့်ရဖို့ နှိုးဆော်ခဲ့ပါတယ်။
“ကျုပ်တို့ ယူရို ၁၈၅ ဘီလီယံ မီးရှို့ပြီးသွားပြီ။ ဒီထက်ပိုပြီး ထပ်ရှို့ဖို့လည်း ရည်ရွယ်နေကြတယ်။ စစ်ပွဲနိုင်စရာ အကြောင်းမရှိတဲ့ နိုင်ငံတခုကို ကျုပ်တို့က ဘဏ္ဍာရေးပံ့ပိုးနေတာပဲ” လို့ အော်ဘန်က ဝေဖန်ခဲ့ပါတယ်။
ဥရောပခေါင်းဆောင်တွေဟာ ပိုကောင်းတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ မျှော်လင့်ပြီး စစ်ပွဲကို တမင်သက်သက် ရှည်အောင်ဆွဲနေတယ်လို့လည်း အော်ဘန်က စွပ်စွဲခဲ့ပါတယ်။
ဒါဟာ လုံးဝမှားယွင်းပြီး အခြေအနေနဲ့ အချိန်အခါဟာ ရုရှားတွေအတွက် ပိုကောင်းနေတာကြောင့် စစ်ပွဲကို အမြန်ဆုံးရပ်သင့်တယ်လို့ သူကဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်လို့လည်း စစ်ပွဲ၊ ကုန်သွယ်ရေးနဲ့ စွမ်းအင်ကိစ္စတွေအပေါ် ရုရှားနဲ့ အမေရိကန်တို့ကြား သဘောတူညီချက်တခု ထွက်ပေါ်လာလိမ့်မယ်လို့ သူက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။


