Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း ၈ ဦးသေဆုံး၊ စွမ်းအင်ဆိုင်ရာနေရာများ ထိမှန်
DVB
·
November 16, 2025
Photo: REUTERS/Thomas Peter

ရုရှားက ယူကရိန်းကို  နိုဝင်ဘာ ၁၄ ရက် အစောပိုင်းမှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ လူ ၅ ယောက်နဲ့ နိုင်ငံတောင်ပိုင်းမှာ စွမ်းအင်ဆိုင်ရာ စက်ရုံတွေ၊ တိုက်ခန်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုအတွင်း နောက်ထပ် ၂ ယောက်  သေဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဒရုန်းစီးရေ ၄၃၀ နဲ့ ဒုံးကျည် ၁၈ စင်းကို သုံးခဲ့ပြီး ယူကရိန်းအစိုးရက အဝေးပစ်တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပြောပါတယ်။  ဒါဟာ မြို့တော်အပေါ် အခုအချိန်အထိ အကြီးမားဆုံးတိုက်ခိုက်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။

ယူကရိန်းအရာရှိတွေက ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အများစုကို ပစ်ချခဲ့ပေမဲ့ ပြုတ်ကျလာတဲ့ အပျက်အစီးတွေ မီးလောင်မှုတွေကြောင့် လူဦးရေ ၃ သန်းလောက်ရှိတဲ့ မြို့အတွင်း ခရိုင် ၉ ခုမှာရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေ၊ ကျောင်းတကျောင်း၊ ဆေးရုံတရုံနဲ့ အုပ်ချုပ်ရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဒရုန်းတွေဟာ ပင်လယ်နက်မြို့ဖြစ်တဲ့ ချိုနိုမော့စ်ခ်မြို့ကိုလည်း တိုက်ခိုက်ခဲ့ပြီး လူ ၂ ယောက်  သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချ်စကိုက "ပူတင်က သူတို့ဟာ စစ်ဘက်ဆိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတယ်လို့ အမြဲပြောပါတယ်။ ဒါဟာ အလိမ်အညာပါ။ ရုရှားက  ကျနော်တို့ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပြီး မြို့ကို အပူပေးစက်တွေ၊ ရေတွေ ဒါမှမဟုတ် လျှပ်စစ်မီးတွေမရှိဘဲ ထားခဲ့ဖို့ ကြိုးစားနေတာကြောင့် ဒါဟာ အလိမ်အညာတစ်ခုပါ"လို့ တိုက်ခိုက်ခံ နေရာတခုဆီကို သွားကြည့်ရင်း ပြောခဲ့ပါတယ်။

မြို့တဝန်း ကလေး ၂ ယောက် အပါအဝင် လူ ၃၄ ယောက် ထက်မနည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရသူ ၉ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ပါတယ်လို့ ကိယက်ဗ်မြို့တော်ရဲ့ စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ တီမိုကာချန်ကိုက ပြောခဲ့ပါတယ်။

ကိယက်ဗ်မြို့အလယ်ပိုင်းဒေသ၊ တောင်ပိုင်း ဩဒက်ဆာဒေသနဲ့ အရှေ့ပိုင်း ဒန်ညက်စ်ဒေသတို့မှာ လျှပ်စစ်ဓာတ်အား တစိတ်တပိုင်းပြတ်တောက်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013