
အသင်းခေါင်းဆောင် အမ်ဘာပေ ခြေစွမ်းပြမှုနဲ့အတူ ပြင်သစ်အသင်းက ယူကရိန်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဝင်ခွင့် ရယူနိုင်ခဲ့ပါတယ်။
ယူကရိန်းနဲ့ပွဲမှာ ပြင်သစ်အသင်းက တပွဲလုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ယူကရိန်းအသင်းကို ဂိုးပေါက်ကန်ချက် တကြိမ်ပဲ ခွင့်ပြုခဲ့ရတာပါ။
၇၁ ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှုရခဲ့ပြီး ၂၅ ကြိမ် ဂိုးပေါက်ကန်သွင်းခွင့် ရခဲ့တဲ့ ပြင်သစ်အသင်းဟာ အမ်ဘာပေရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် အိုလစ်ဆေး၊ အစ်ကီတီကီ တို့ကလည်း တဂိုးစီ သွင်းယူနိုင်ခဲ့ကြတာပါ။
ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက အိုက်စလန်အသင်းကို ၆ မှတ်ဖြတ်ပြီး လက်ကျန်တပွဲအလိုမှာ ပြင်သစ်အသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ပလေးအော့ဖ် တနေရာအတွက်တော့ ရမှတ် ၇ မှတ်စီ ရရှိထားကြတဲ့ အိုက်စလန်နဲ့ ယူကရိန်းတို့ အပြိုင်လုရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာလည်း ထိပ်တိုက်တွေ့ဆုံနေတာကြောင့် အဲဒီပွဲစဉ်က ပလေးအော့ဖ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်လာမှာ ဖြစ်ပါတယ်။


