
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကိဗ်ဒေသရှိ အော့စ်ကီးမြစ်ရဲ့အရှေ့ဘက်ကမ်းမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၅,၀၀၀ လောက် ပိတ်မိနေကြောင်း ရုရှားဘက်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ကရင်မလင်နန်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ်ရဲ့ အခိုင်အမာပြောဆိုချက်ကို ရိုက်တာသတင်းဌာနက လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယူကရိန်းစစ်တပ်ကလည်း ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
ရုရှားဟာ အော့စ်ကီးမြစ်ဝှမ်းတလျှောက်ရှိ ကူးဖျန့်စ်ခ်မြို့ကြီးကို ထိန်းချုပ်နိုင်ပြီလို့ နိုဝင်ဘာ ၂၀ ရက် နှောင်းပိုင်းမှာ ပြောကြားခဲ့ပေမဲ့ ယူကရိန်းနိုင်ငံက သူတို့ ကျဆုံးသွားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
ရုရှားရဲ့ စစ်မြေပြင်အခြေအနေ တိုးတက်မှုဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးကို ဒိထက် ပိုနောက်မကျဘဲ အခုပဲ ဆွေးနွေးညှိနှိုင်းသင့်နေပြီလို့ ပက်စ်ကို့ဗ်က ပြောပါတယ်။
ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဗာလယ်ရီ ဂျယ်ရာဆိုက်မော့ဗ်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုအတွင်း သမ္မတပူတင်က ယူကရိန်းရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ယူကရိန်းတပ်တွေ ပိတ်မိနေပေမဲ့ လက်နက်ချဖို့ ညွှန်ကြားချက်တွေ မပေးခဲ့ဘူး ဆိုတဲ့ မှတ်ချက်စကားတွေကိုလည်း သူက အလေးပေးပြောပါတယ်။
ယူကရိန်း အစိုးရဟာ သူ့ရဲ့ကိုယ်ပိုင်စစ်သားတွေရဲ့ကံကြမ္မာကို မစဉ်းစားဘူးလို့ ပူတင်က စွပ်စွဲခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ အဓိကအဂတိလိုက်စားမှုအရှုပ်တော်ပုံက နိုင်ငံကို နိုင်ငံရေးခေါင်းဆောင်မှုတခုက အုပ်ချုပ်တာမဟုတ်ဘဲ "စီစဉ်ထားတဲ့ ရာဇ၀တ်မှုအဖွဲ့" က အုပ်ချုပ်တာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


