
ခရီးသွားရင်းက ထူးခြားပေါ်လွင်တဲ့ ငှက်မြည်သံ ကြားရလျှင် ဗိုလ်သိန်းစိုးက သွားနေရာက ခဏရပ်၊ ကျနော့်ကို လက်မလေးထောင်ပြီး အချက်ပြပါသည်။ ကျနော်က အသံဖမ်းစက်ကလေး ထုတ်ပြီး အသံဖမ်းပါသည်။
သည်အတွေ့အကြုံက ပထမတော့ သူတို့အဖို့ ရယ်စရာကောင်းသလိုရှိပေမဲ့ မကြာခဏဆိုသလို ကျနော်က ငှက်သံကို စိတ်ဝင်တစား အသံဖမ်းပါများတဲ့အခါ ဗိုလ်သိန်းစိုးက သူပါ ငှက်မြည်သံကို အသံဖမ်းယူနိုင်ဖို့ အခုလို ပူးပေါင်းကူညီလာခဲ့ခြင်းဖြစ်၏။
တရက်မှာတော့ ကျနော်တို့ကို ကျုံစိန်ရွာသား နှစ်ယောက် လာတွေ့ကြ၏။ ဗိုလ်သိန်းစိုးက ကျနော်နှင့်တွေ့ဖို့ ထိုလူနှစ်ယောက်ကို ခေါ်လိုက်ခြင်းဖြစ်သည်။ တယောက်မှာ အသက် ၆၀ ကျော်အရွယ် တော်တော်အသက်ရနေပြီ ဖြစ်သည်။ အသက်ကြီးသူက ကရင်ပုံပြင်တချို့ ပြောပြတတ်သူ ဖြစ်ပြီး ကျန် အသက်ငယ်သူမှာ သီချင်းဆိုတတ်သူ ဖြစ်သည်။
ကျုံစိန်ရွာ တောင်ကုန်းပေါ် ကျနော်တို့ သုံးယောက် လေးရက်မျှ အိပ်ခဲ့ကြ၏။ ဒေသခံလူတချို့နှင့် တွေ့ဆုံရ၏။ နအဖ စစ်တပ်ကြောင့် ရွာတွင် မနေဘဲ ကြိုးဝိုင်းကြီးထဲ ပုန်းနေရသူ၊ စစ်တပ်က ရွာထဲ လက်နက်ကြီးနှင့်ပစ်၍ သေဆုံးသူ၏သား အစရှိသော သူများနှင့် ဆက်တိုက်တွေ့ဆုံကာ မေးမြန်းအသံသွင်း၏။
(တခုတော့ အခက်အခဲရှိ၏။ ထိုစဉ်က သတင်းများ ဆောင်းပါးများမှာ တိပ်ခွေနှင့် အသံဖမ်းယူ တဖန် စတူဒီယိုတွင် လိုအပ်သလို တည်းဖြတ် အသံထပ်သွင်းပြီးမှ ဌာနချုပ်မာနယ်ပလောမှတဆင့် ဇင်းမယ်သို့ပို့ ဇင်းမယ်ကမှတဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ စာတိုက်မှတဆင့် EMS ဖြင့်ပို့။ ကြားတွင် အမြန်ဆုံး ငါးရက်ကြာ၏။
ထိုစဉ်က DVB တွင် တရားဝင် သတင်းထောက်ရယ်လို့ သတ်သတ်မှတ်မှတ်လည်း မရှိသေး။ အော်စလိုက အဓိကအားထားပြီးလွှင့်သော သတင်းများ၊ ဆောင်းပါးများမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကျောင်းသားတပ်မတော်ရုံးခန်းမှ နေ့စဉ် Fax နှင့် ပေးပို့သော ဘန်ကောက်ပို့စ်နှင့် သည်နေရှင်း သတင်းစာပါ မြန်မာနိုင်ငံဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အော်စလိုအသံလွှင့်ဌာနက မြန်မာဘာသာပြန် အသံလွှင့်ကြရခြင်းသာ ဖြစ်၍ သတင်းများ ဆောင်းပါးများမှာ ယခုခေတ်လို အချိန်နှင့်တပြေးညီ မမြန်ဆန်နိုင်ခဲ့ကြပါ။
ကျနော် ယခုရရှိထားသော သတင်းများ အင်တာဗျူးများမှာ ကျနော် မာနယ်ပလော ပြန်ရောက်ပြီး စတူဒီယိုတွင် တိပ်ခွေနှင့်အသံသွင်းပြီးမှ ချင်းမိုင်သို့ပို့ ချင်းမိုင်မှတဆင့် အော်စလိုသို့ ပို့ရမည်သာ ဖြစ်ပါသည်။ (ဤကား စကားချပ်)
ထိုနေ့က ကျနော်နှင့် လာတွေ့သော ရွာသားနှစ်ဦးကို ကျနော်က ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ဦးစွာပထမ ပြောပြီးမှ ကျနော် လိုချင်သည့်အချက်များကို မေးမြန်းရပါသည်။ အသက်ငယ်ရွယ်သူ ရွားသား၏ ကရင်သီချင်း သုံးပုဒ်သီဆိုမှုကို အသံဖမ်းယူရပါသည်။
နောက်ထပ် အသက်ကြီးရင့်သူ ကရင်အမျိုးသားကြီးဆီကမူ မမျှော်လင့်သော သမိုင်းကွင်းဆက်တခု ရလိုက်၏။
ကျနော်က ဒေသခံ ကရင်ပုံပြင်များ ရှိလျှင် ပြောပြပါဟု တောင်းဆို၏။ ကရင်အမျိုးသားကြီးက ကျနော်တို့နှင့် မနီးမဝေးက သစ်ပင်ကို လက်ညှိုးထိုးကာ ကျေးလက်ပုံပြင်တပုဒ် ပြောပြ၏။ သူက ကရင်လိုတဝက် မြန်မာလိုတဝက် ပြောတာပါ။ သူက မြန်မာစကား သိပ်ပြီးမကျွမ်းကျင်ရှာပါ။ ဗိုလ်သိန်းစိုးက မြန်မာလို ဝိုင်းကူပြောပြပေး၏။
ကျနော်တို့နဲ့ ဝါးတရိုက်အကွာမှာ လုံးပါတ် ခြောက်လက်မသာသာ အပင်တပင်ကို နွယ်ပင်တပင်က ဝိုင်းပတ်တွယ်တက်နေပါသည်။ ယင်း အပင်နှစ်ပင်မှာ နာမည်ရှိသည်ဆိုပြီး ပြော၏။
ပင်စည် ခပ်တုတ်တုတ်က ကရင်ကောင်လေးတယောက်ရဲ့ နာမည်ဖြစ်ပြီး သူ့ကို ပတ်ထားတဲ့ နွယ်ပင်ကျတော့ ကရင်ကောင်မလေးတယောက်ရဲ့ နာမည်ဆိုပြီး ရှင်းပြ၏။
လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်လောက်က သူတို့ရွာက ကောင်မလေးတယောက်သည် ရွာကို ခဏရောက်လာသည့် ထိုင်းနွားကုန်သည်ရဲ့ အဓမ္မ ခေါ်ဆောင်ခြင်းခံရသဖြင့် ထိုင်းနိုင်ငံကို ပါသွားရ၏။ ရွာခံများ မသိအောင် ခိုးယူခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ဒီတုန်းက မြန်မာပြည်ကို ထိုင်းတွေက နွားတွေ လာရောင်းကြရသည့်အချိန် ဖြစ်လေသည်။
နောက်တော့ ထိုင်းကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသည့် ကောင်မလေးရဲ့ ချစ်သူ တောင်ယာလုပ်ရာက ရွာပြန်ရောက်တော့ အဖြစ်အပျက် အကြောင်းအရာကို ရွာသားတွေက ဝိုင်းပြီးပြောပြကြ၏။ ထိုအခါ ကောင်လေးက သူ့ချစ်သူကို မရရအောင် ပြန်ခေါ်မည်ဟုဆိုပြီး ထိုင်းနိုင်ငံသို့ လိုက်သွားခဲ့၏။
လေး ငါး ဆယ်နှစ်ကြာတော့ ရွာကို သတင်းတခု ရောက်လာ၏။ ကောင်မလေးနှင့် ကောင်လေး မတွေ့ကြရဘဲ နှစ်ဦးစလုံး ကွယ်လွန်သွားကြပြီ ဖြစ်သည်။ သည်သတင်းကြောင့် တရွာလုံး စိတ်မကောင်းဖြစ်ကြရ၊ သနားကြရ၏။ ထိုအချိန်မှစကာ သည်သစ်ပင်ကို ကောင်လေး၏နာမည်၊ သစ်ပင်ကို ပတ်နေသော နွယ်ပင်ကို ကောင်မလေး၏နာမည် ပေးလိုက်ကြ၏။ သည်ဒေသတဝိုက်လုံး သည်သစ်ပင်နှစ်ပင်၏ နာမည်ကို ကောင်လေးနှင့် ကောင်မလေး၏နာမည်ကို ဝိုင်းဝန်းခေါ် ဆိုသတ်မှတ်ခဲ့ကြလေသည်။ ဒေသအခေါ်အဝေါ်ဖြစ်၏။
ကျနော့်မှာ လွမ်းမောဖွယ် ဇာတ်လမ်းလေးကို နားထောင်ကာ စိတ်မကောင်းဖြစ်ရ၏။ ထို့နောက် ဗဟုသုတတခုလည်း ရ၏။
ယခုအခါ အားလုံးသိကြသည့်အတိုင်း ကျနော်တို့နိုင်ငံမှ နွားများကို ထိုင်းနိုင်ငံသို့ တရားမဝင် တင်ပို့နေသည်မှာ မမြင်ချင်အဆုံး မကြားချင်အဆုံး ဖြစ်ခဲ့သည်။ ကျနော်တို့နိုင်ငံတွင် မျိုးကောင်းမျိုးသန့်နွားလည်း ပြောင်သလောက် ဖြစ်ခဲ့ပြီ။ အမှတ်တမဲ့ ဆန်ခါတင်ထဲမှ မထင်မှတ်ဘဲ သမိုင်းဝင် သတင်းအချက်အလက်တခု ကျနော် ရလိုက်၏။ ယခင်နှစ် သုံး လေးဆယ်ကျော်က ဆိုလျှင် ထိုင်းတို့က မြန်မာနိုင်ငံသို့ နွားများ တင်ပို့ ရောင်းချခဲ့ရသည့် သမိုင်းခြေရာကို သည်ပုံပြင်ဆီက ကျနော် ရလိုက်၏။
အမှန်တကယ်တော့လည်း လွန်ခဲ့သော နှစ်လေးဆယ်ခန့်ကဆိုလျှင် မြန်မာနိုင်ငံသည် တောင်အာရှနိုင်ငံများထဲတွင် အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့သည် မဟုတ်ပါလော။
ကျနော် သက်ပြင်းချမိလေ၏။


