
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်က မီးရှူးမီးပန်းရောင်းတဲ့ ဆိုင်တဆိုင် ဖေဖော်ဝါရီ ၁၈ ရက်မှာ ပေါက်ကွဲပြီး မီးလောင်ခဲ့လို့ လူ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ရှန်ယန်မြို့က အမည်မဖော်တဲ့ လက်လီအရောင်းဆိုင်တဆိုင်မှာ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ CCTV က ပြောပါတယ်။
မီးလောင်ကျွမ်းနေတဲ့ အဆောက်အအုံကနေ မီးခိုးတွေ ထူထူထပ်ထပ် ထွက်လာတာကို မြင်တွေ့ရပါတယ်။
အဆောက်အအုံပေါ်က ဆိုင်းဘုတ်တွေက မီးရှူးမီးပန်းရောင်းတဲ့ ဆိုင်တဆိုင်အဖြစ် ဖော်ပြထားပါတယ်။
မီးရှူးမီးပန်းတွေနဲ့ ဆက်စပ်တဲ့ ပေါက်ကွဲမှုတွေက တရုတ်နိုင်ငံမှာ မထူးဆန်းပါဘူး။ မီးရှူးမီးပန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးလေ့ရှိပြီး အင်္ဂါနေ့မှာစတဲ့ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်လို အောင်ပွဲခံအခါသမယတွေမှာ မကြာခဏ ပစ်လွှတ်လေ့ရှိပါတယ်။
Source: Reuters


