
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် တလျှောက်မှာ တရုတ်ကြံတင်ကားတွေ မြန်မာနယ်စပ်ဘက် တိုက်ရိုက်ဝင်ရောက်တာကြောင့် မြန်မာကြံကားနဲ့ ယာဉ်မောင်းတွေ အခက်ကြုံကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သိန္နီဒေသခံ အမျိုးသားတယောက်က “တရုတ်နိုင်ငံက ကားတွေက သူတို့ကားသမားတွေနဲ့ တိုက်ရိုက် ကြံတွေလာတင်လို့ မြန်မာနိုင်ငံက ကြံတင်ကားသမားတွေက ကြံတင်လို့ မရတော့ဘူး။ မြန်မာကားတွေကလည်း တရုတ်နယ်စပ်ကို ဝင်ထွက်လို့ မရဘူး။ မြန်မာနိုင်ငံဘက်က ကြံကားတွေ၊ ကြံကားသမားတွေတော့ အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။
မြန်မာ-တရုတ် နယ်စပ်တလျှောက်က ကြံတွေက တရုတ်လုပ်ငန်းရှင်ပိုင်တွေ ဖြစ်တာကြောင့် တရုတ်နိုင်ငံထဲက ကြံစက်ရုံတွေဘက် တင်ပို့ရတာလို့ သူက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) မြို့နယ်က ကြံစိုက်တောင်သူတယောက်က “တရုတ်ကားတွေက မြန်မာဘက် လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်။ ဒါပေမဲ့ တရုတ်ဘက်ကကျတော့ ကန့်သတ်ချက်ရှိတယ်။ မြန်မာကားတွေက တရုတ်ဘက်ထဲ ဝင်လို့မရဘူး” လို့ ပြောပါတယ်။
မြန်မာကားနဲ့ ကြံတင်မယ်ဆိုရင် နယ်စပ်ဂိတ်ဝမှာ ကြံပြန်ချိန်းရတာကြောင့် ကရိန်းတွေလိုအပ်ပြီး ကုန်ကျစရိတ် ပိုများကာ အဲဒီကုန်ကျစရိတ်တွေကို တရုတ်ကြံကုမ္ပဏီတွေက ကုန်ကျခံမပေးဘူးလို့ သူက ပြောပါတယ်။
တရုတ်ဘက်က ကန့်သတ်ချက်တွေကြောင့် မြန်မာကားတွေနဲ့ ကြံတင်တာ မရှိသလောက် ဖြစ်လာပြီး တရုတ်ကားတွေနဲ့ တရုတ်ယာဉ်မောင်းတွေ တိုက်ရိုက်ဝင်ရောက်လာကာ မြန်မာကြံတင်ကားတွေနဲ့ ယာဉ်မောင်းတွေ နေရာပျောက်ကုန်ကာ ကြုံရာအလုပ် ရှာလုပ်ရတဲ့ အနေအထား ဖြစ်သွားတယ်လို့ သူက ရှင်းပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အဓိက နယ်စပ်ကုန်သွယ်ရာ ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် အပါအဝင် ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်၊ ရန်လုံကျိုင်း စတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို MNDAA တပ်ဖွဲ့က အဓိက ထိန်းချုပ်ထားတာဖြစ်ပြီး တရုတ်ဘက်ကတော့ နယ်စပ်ဂိတ်အားလုံး ဖွင့်လှစ်ထားပေမဲ့ မြန်မာကားနဲ့ မြန်မာယာဉ်မောင်းတွေကို တရုတ်နယ်စပ်ဘက် ဝင်ထွက်ခွင့် မပြုပါဘူး။


