Home
မြန်မာသတင်း
မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုမရှိပါက အရေးယူမည်ဟု FATF သတိပေး
DVB
·
February 17, 2026

မြန်မာနိုင်ငံအနေနဲ့ လာမဲ့ ဇွန်လမှာ တိုးတက်မှုတစုံတရာမရှိရင် အရေးယူဆောင်ရွက်မဲ့ နည်းလမ်းတွေ စဉ်းစားမယ်လို့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) က ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပိုမို ဆန်းစစ်လေ့လာ၊ ဖြန့်ဝေ အသုံးပြုတာ၊ ငွေကြေးခဝါချမှုတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးတာ၊ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ငွေကြေးခဝါချမှုတွေကို စုံစမ်းဖော်ထုတ်တာ၊ ပြစ်မှုကျူးလွန်ရာက ရရှိတဲ့ အကျိုးအမြတ်၊ အသုံးပြုတဲ့ ကိရိယာ၊ ပိုင်ဆိုင်မှုတွေကို ပိတ်ပင်၊ သိမ်းဆည်းတာ စတဲ့ မဟာဗျူဟာဆိုင်ရာ အားနည်းချက်တွေကို ကုစားဖြေရှင်းဖို့ FATF ရဲ့ လုပ်ငန်းစဉ် (Action Plan) ကို အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအနေနဲ့ လာမဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ တိုးတက်မှု တစုံတရာမရှိရင် အ‌ရေးယူဆောင်ရွက်မဲ့ အစီအမံတွေ စဉ်းစားသွားမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

FATF မျက်နှာစုံညီအစည်းအဝေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ (ICRG) အစည်းအဝေးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၃ ရက်အတွင်း မက္ကဆီကိုနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘက်က စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီအစည်းအဝေးတွေမှာ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုသင့်ကြောင်း၊ ကျန်ရှိတဲ့ Action Plan တွေ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့ အချိန်ထပ်မံပေးသင့်ကြောင်း ထောက်ခံဆွေးနွေးကြတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဲဒီအစည်းအဝေးမှာ ဒေါ်သန်းသန်းဆွေက အကောင်အထည်ဖော် ဆောင်ရွက်ရေးအစီအမံ (Action Plan) ပါ အချက်တွေကို ဆောင်ရွက်ခဲ့ရာ လိုက်နာဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက် ၁၀ ချက်ထိ တိုးမြှင့်ရရှိလာခဲ့ပြီး ဆောင်ရွက်ဖို့ကျတဲ့ ၅ ချက်ကို အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြတယ်လို့ ဆိုပါတယ်။

ဥပဒေပိုင်းဆိုင်ရာမူဘောင်တွေ ပိုမိုခိုင်မာမှုစေဖို့ အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) ရဲ့ အကြံပြုချက်တွေနဲ့အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ယုံကြည်အပ်နှံမှု အက်ဥပဒေတွေ၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေး ဥပဒေကိုလည်း ပြင်ဆင်တာ၊ ပြဋ္ဌာန်းတာတွေ လုပ်ခဲ့ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်လို့ ဒေါ်သန်းသန်းဆွေက အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပြီးရင် ကျန်တဲ့ Action Plan ၅ ချက် တိုးတက်မှုရှိလာမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း အပြည့်အဝ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာက ဖော်ပြပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံကို အရင်က သတ်မှတ်ထားတဲ့အတိုင်း အလေးထားစိစစ်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခံရတဲ့ နိုင်ငံနဲ့ ဒေသတွေရဲ့ စာရင်းမှာပဲ ဆက်လက်ထည့်သွင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သတင်းစာတွေမှာတော့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ဆက်လက် နှောင့်နှေးနေတယ်ဆိုတဲ့ စာသားကို ပယ်ဖျက်ခဲ့ကြောင်း ထည့်သွင်းရေးသားထားပါတယ်။

ငွေကြေးဆိုင်ရာတွေကို စနစ်တကျ စိစစ်မှုတွေ လုပ်ရာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အကျိုးအမြတ်မယူတဲ့ အသင်းအဖွဲ့တွေနဲ့ ပြည်ပက လွှဲပို့တဲ့ ငွေတွေ စီးဆင်းမှုကို အနှောင့်အယှက်မဖြစ်စေဖို့ သတိပြုသင့်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံက ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး FATF ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်မှုတွေက မလိုလားအပ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ မရှိအောင်၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ဟန့်တန်းမှုမရှိအောင် ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ FATF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) လုပ်ဆောင်ချက်တွေဟာ တရားဝင် ငွေကြေးစီးဆင်းမှုများအပေါ် မလိုအပ်ဘဲ အလွန်အကျွံ စိစစ်မှုများ ပြုလုပ်ခြင်း ရှိ၊ မရှိကိုလည်း FATF က ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013