
ခေတ်သစ်လကမ္ဘာပြိုင်ပွဲကတော့ စူပါပါဝါနိုင်ငံကြီးတွေအကြား ယှဉ်ပြိုင်မှုမဟုတ်တော့ဘဲ နိုင်ငံတွေနဲ့ ဘီလီယံနာ သူဌေးကြီးတွေရဲ့ အားပြိုင်ပွဲ ဖြစ်လာပါပြီ။
သမိုင်းတလျှောက် လကမ္ဘာပေါ်ကို လူစေလွှတ်နိုင်ခဲ့တဲ့ နိုင်ငံကတော့ အမေရိကန် တနိုင်ငံပဲ ရှိပြီး ၁၉၆၉ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အတွင်း အပိုလိုမစ်ရှင် ၆ ခုနဲ့ အမေရိကန် အာကာသယာဉ်မှူး ၁၂ ယောက် ခြေချနိုင်ခဲ့ပါတယ်။
ရုရှား(ယခင်ဆိုဗီယက်)၊ တရုတ်နဲ့ အိန္ဒိယတို့က လူမဲ့လဆင်းယာဉ်တွေ ဆင်းသက်နိုင်ခဲ့ပေမဲ့ လူမလွှတ်နိုင်သေးပါဘူး။
၂၀၃၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံက လပေါ် လူဆင်းသက်ဖို့ စီစဉ်ထားပြီး မကြာသေးခင်ကပဲ လဆင်းယာဉ်စမ်းသပ်မှုတွေကို အောင်မြင်ခဲ့ပါတယ်။
လကမ္ဘာတောင်ဝန်ရိုးစွန်းမှာ ရေခဲရှာဖွေမဲ့ Chang'e 7 အပါအဝင် တခြား လူမဲ့မစ်ရှင်တွေလည်း လွှတ်တင်သွားဖို့ ရှိနေပါတယ်။
တရုတ်ထက်အရင် လပေါ်ကို လူလွှတ်နိုင်ဖို့ အမေရိကန် ဘီလီယံနာသူဌေးကြီးတွေဖြစ်တဲ့ SpaceX သူဌေး အီလွန်မတ်စ်ခ်နဲ့ Amazon သူဌေး ဂျက်ဖ်ဘီးဇော့စ်တို့က အပြိုင်စီစဉ်နေကြပါတယ်။
မတ်စ်ခ်က လအခြေစိုက်စခန်း Moonbase Alpha ကို တည်ဆောက်မှာဖြစ်ပြီး လမျက်နှာပြင်ပေါ်ကနေ ဂြိုဟ်တုတွေ လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။
AI နည်းပညာဆာဗာအဖြစ် အသုံးချမဲ့ ဂြိုဟ်တု တသန်း လွှတ်တင်ရေးအတွက် လအခြေစိုက်စခန်းက အဓိကကျနေပါတယ်။
ဒါကြောင့် အရင်က အဓိကထားခဲ့တဲ့ အင်္ဂါဂြိုဟ်စီမံကိန်းကနေ လကမ္ဘာဘက်ကို ပိုပြီး အာရုံပြောင်းလာတာ ဖြစ်ပါတယ်။
ဘီးဇော့စ်ရဲ့ အာကာသကုမ္ပဏီ Blue Origin ကလည်း အာကာသခရီးတိုသွားလုပ်ငန်းကို ပိတ်သိမ်းပြီး လဆင်းသက်ရေးကိုပဲ အဓိကအာရုံစိုက်လာကာ ဒီနှစ်ထဲမှာပဲ သူတို့ရဲ့ လူမဲ့မစ်ရှင်တခု လပေါ်ဆင်းသက်ဖို့ ရှိနေပါတယ်။
ဒီကုမ္ပဏီနှစ်ခုလုံးရဲ့ လဆင်းသက်ယာဉ် တည်ဆောက်ရေးအတွက် အမေရိကန် အာကာသအေဂျင်စီ (NASA) က ဒေါ်လာဘီလီယံချီ ထောက်ပံ့ပေးထားပါတယ်။


