Home
နိုင်ငံတကာ
AI ရင်းနှီးမြှုပ်နှံမှု၌ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် ရရှိရန် အိန္ဒိယ မျှော်လင့်
DVB
·
February 19, 2026
Photo: ANI

အိန္ဒိယနိုင်ငံဟာ လာမဲ့ ၂ နှစ်အတွင်းမှာ ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ မျှော်မှန်းထားတယ်လို့ အိန္ဒိယ သတင်းအချက်အလက်နည်းပညာ (အိုင်တီ) ဝန်ကြီး အက်ရှ်ဝီနီ ဗိုက်ရှ်နောက ပြောပါတယ်။

နယူးဒေလီမြို့၊ ဘာရတ်မန်ဒါပမ် ကွန်ဗင်းရှင်းစင်တာမှာ ၅ ရက်ကြာ ကျင်းပနေတဲ့ အိန္ဒိယ AI Impact Summit ရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

AI ထိပ်သီးညီလာခံမှာ မူဝါဒရေးရာ တာဝန်ရှိသူတွေ၊ စက်မှုလုပ်ငန်း ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ကာ အိန္ဒိယရဲ့ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ တိုးချဲ့ရေးနဲ့ လူတိုင်း အကျိုးရှိရှိ အသုံးချနိုင်ရေး ရည်မှန်းချက်တွေကို ဆွေးနွေးနေကြပါတယ်။

AI နည်းပညာရဲ့ အဆင့် ၅ ဆင့်စလုံးမှာ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှာဖြစ်သလို ကမ္ဘာကျော် NVIDIA ကုမ္ပဏီဟာလည်း အိန္ဒိယကုမ္ပဏီတချို့နဲ့ ပူးပေါင်းပြီး AI အခြေခံအဆောက်အအုံတွေအတွက် အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန် ဒါမှမဟုတ် တရုတ်နိုင်ငံတို့လို AI မော်ဒယ်အသစ်တွေ တီထွင်တာထက် ရှိပြီးသား AI နည်းပညာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ အကြီးအကျယ် လက်တွေ့အသုံးချနိုင်ရေးကို ပိုမိုဦးစားပေး လုပ်ဆောင်နေပါတယ်။

အထူးသဖြင့် တောင်သူလယ်သမားတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) တွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် AI ကို အလွယ်တကူ အသုံးပြုနိုင်ဖို့ အိန္ဒိယဒေသသုံး ဘာသာစကားပေါင်းစုံ ပါဝင်တဲ့ ဘာသာမျိုးစုံ မော်ဒယ်တွေကို အာရုံစိုက် ဖန်တီးဆောင်ရွက်နေတယ်လို့ ဝန်ကြီးက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒါဟာ အိန္ဒိယရဲ့ AI မစ်ရှင်အတွင်း အဓိက အာရုံစိုက်စရာ အချက်တရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဝန်ကြီး ဗိုက်ရှ်နောက သတိပေးချက်တခုကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယမှာ လာရောက်လုပ်ကိုင်နေတဲ့ Netflix, YouTube, Meta နဲ့ X စတဲ့ ကုမ္ပဏီအားလုံးဟာ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေအတွင်းကနေပဲ လုပ်ဆောင်ကြရမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့တဲ့ အိန္ဒိယ AI Impact Summit ထိပ်သီးအစည်းအဝေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ AI ဆိုင်ရာအသံတွေကို ကမ္ဘာကကြားသိအောင် လုပ်ဆောင်တဲ့ ပထမဆုံး စင်မြင့်လည်း ဖြစ်ပါတယ်။

အကျယ်အဝန်း စတုရန်း မီတာ ၇၀,၀၀၀ ရှိတဲ့ ပြခန်းမကြီးမှာ ပြခန်းပေါင်း ၃၀၀ ကျော် ခင်းကျင်းထားပြီး လာရောက်ကြည့်ရှုသူပေါင်း ၂ သိန်းခွဲကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013