
တရုတ်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ စင်ကာပူ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောတစင်း ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှုဖြစ်ပွားပြီး မြန်မာသင်္ဘောသား ၂ ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါသင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား သင်္ဘောသား ၂၅ ယောက် လိုက်ပါသွားတာဖြစ်ပြီး ၂ ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တာလို့ စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) ထုတ်ပြန်ချက်ကို ကိုးကားပြီး The Straits Times စင်ကာပူသတင်းစာမှာ ဖော်ပြပါတယ်။
စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သေဆုံးသွားတဲ့ သင်္ဘောသားတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။
MPA က သင်္ဘောကုမ္ပဏီနဲ့ တရုတ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
ည ၇ နာရီ ၃၅ မိနစ်လောက်မှာ သင်္ဘာအင်ဂျင်ခန်းကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး သင်္ဘာသားတွေက မီးငြှိမ်းသတ်နိုင်ခဲ့တဲ့အကြောင်းနဲ့ မီးလောင်ကျွမ်းခဲ့တဲ့ သင်္ဘောကို တရုတ်နိုင်ငံ၊ ယန်တိုင်ဆိပ်ကမ်းဆီကို ဆွဲယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


