
တောင်တရုတ်ပင်လယ်ပြင်တွင်း တိုင်ဖွန်းမုန်တိုင်းမိခဲ့ပြီး စက်ချို့ယွင်းခဲ့တဲ့ သင်္ဘောတစီးပေါ်က မြန်မာသင်္ဘောသား ၁၀ ယောက်ကို တရုတ်နိုင်ငံက ကယ်တင်ခဲ့တဲ့အကြောင်း Xinhua သတင်းမှာ အောက်တိုဘာ ၂ ရက်က ဖော်ပြပါတယ်။
အဆိုပါ သင်္ဘောဟာ တရုတ်နိုင်ငံ တောင်ဘက်စွန်း၊ ဟိုင်နန်ပြည်နယ်၊ စန်းရှားမြို့နယ် ထဲက ယုန်ရှင်းကျွန်းအရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာလောက်အကွာ တောင်တရုတ် ပင်လယ်ထဲမှာ ပဲ့ကိုင်ဂီယာ စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ထိန်းချုပ်မရဘဲ မျောပါနေတဲ့အကြောင်း စက်တင်ဘာ ၂၆ ရက်မှာ စန်းရှားပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာဆီ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ အခု ၂၀ မြောက် ဘူအာလွိုင်တိုင်ဖွန်းမုန်တိုင်းဟာ သူတို့ရှိရာဆီ အလျင်အမြန် ချဉ်းကပ်လာနေတာကြောင့် သင်္ဘောသားတွေအနေနဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန် စင်တာကနေ ချက်ချင်း အရေးပေါ် တုံ့ပြန်မှုစနစ် ဖွင့်လှစ်ပြီးတော့ ကယ်ဆယ်ရေး သင်္ဘောတစင်းကို စေလွှတ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာတော့ ကယ်ဆယ်ရေးသင်္ဘောက သူတို့ရှိတဲ့ ကျွန်းစုအနား ရောက်ရှိခဲ့ပေမဲ့ တိုင်ဖွန်းမုန်တိုင်းချဉ်းကပ်လာမှုကြောင့် သင်္ဘောကို ဆွဲခေါ်ဖို့ မဖြစ်နိုင်ခဲ့ဘဲ စင်တာက သင်္ဘောသားတွေကို အရင်ဆုံး ကယ်ထုတ်ဖို့ ဆုံးဖြတ်ကာ သူတို့ ၁၀ ယောက်စလုံးကို ကယ်ဆယ်ရေးသင်္ဘောဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မုန်တိုင်းပြီးသွားချိန်မှာ မျောပါနေတဲ့ သင်္ဘောကို ဆက်လက်ရှာဖွေခဲ့ပြီး စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာတော့ သင်္ဘောတည်နေရာကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာတော့ မြန်မာသင်္ဘောသားတွေကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ ပြီးနောက် စက်ပျက်သင်္ဘောကိုတော့ တရုတ်ကယ်ဆယ်ရေးသင်္ဘောက ဆွဲခေါ်လာခဲ့ကာ အောက်တိုဘာ ၁ ရက်မှာ ပိုင်ရှင် တွန်းသင်္ဘောရှိရာဆီ လွှဲပြောင်း ပေးအပ်ခဲ့ပြီး သင်္ဘောဟာ နောက်တရက် နေ့လည် ၂ နာရီခွဲလောက်မှာ ဦးတည်ရာဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းကို ရောက်ရှိသွားခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းက သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကို လုံခြုံစေခဲ့ပြီး ပင်လယ်ရေကြောင်း ညစ်ညမ်းမှုဖြစ်ပေါ်လာနိုင်ခြေကို ကာကွယ်နိုင်ခဲ့တယ်လို့ စန်းရှားရေကြောင်းဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က ပြောပါတယ်။
Source : Xinhua