
အခုနှစ် ပစိဖိတ်မုန်တိုင်းရာသီရဲ့ ၂၁ ခုမြောက် မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း မတ်မိုဟာ တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသတွေဆီ ဝင်ရောက်ခဲ့ပြီး အားပြင်းလေပြင်းတွေ တိုက်ခတ်တဲ့အပြင် မိုးသည်းထန် ရွာသွန်းခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ကျန့်ကျန်းမြို့ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက် ကုန်းတွင်းပိုင်းဆီ ဗဟိုပြုပြီး အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ လောက်မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၉၅ မိုင်နှုန်း၊ ဗဟိုအနိမ့်ဆုံးဖိအား ၉၆၅ ဟက်တိုပါစကယ်နဲ့ တိုက်ခတ်ခဲ့တာပါ။
ရှုဝမ်မြို့နယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ကမ်းရိုးတန်းမြို့ ကျင်းဟော့မှာ လေတိုက်နှုန်းဟာ ဘူးဖောစကေးအဆင့် ၁၄ နဲ့ ညီတဲ့ လေပြင်းတွေတိုက်ခတ်ခဲ့လို့ သွပ်ပြားတွေ ပြန့်ကျဲနေပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။
အနားက ငါးဖမ်းဆိပ်ကမ်းတခုမှာ ရေနဲ့လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ပြီး ဆက်သွယ်ရေး လိုင်းတွေ အပြင်းအထန်ထိခိုက်ခဲ့ပါတယ်။
မုန်တိုင်းဗဟိုချက်ဟာ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ တရုတ်နိုင်ငံ တောင်ပိုင်းက လေးကျိုးကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ကာ မိုးသည်းပြီး လေပြင်းတွေ တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။
ဒေသန္တရအာဏာပိုင်တွေက အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေကို စတင်လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ ပြင်းထန်တဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။
ဟိုက်ခို့ မေလန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ပြီး တနင်္ဂနွေနေ့ ည ၈ နာရီကစလို့ လုပ်ငန်းတွေ တဖြည်းဖြည်းပြန်စမှာလည်း ဖြစ်ပါတယ်။
စနေနေ့အစောပိုင်းမှာ အာဏာပိုင်တွေက ကွမ်တုံ၊ ဟိုင်နန်၊ ကွမ်းရှီးနဲ့ ယူနန်ပြည်နယ်တို့မှာ ရေလွှမ်းမိုးမှုထိန်းချုပ်ဖို့အဆင့် IV အရေးပေါ်တုံ့ပြန်မှုကို စတင် ဆောင်ရွက်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အဆင့် I က အပြင်းထန်ဆုံးတုံ့ပြန်မှုဖြစ်ပြီး အပြင်းထန်ဆုံးသတိပေးချက်ကို ကိုယ်စားပြုတဲ့ အနီရောင်အဆင့်ကို သတ်မှတ်ထားပါတယ်။ ရာသီဥတု သတိပေးစနစ် ၄ ဆင့်ရှိပြီး၊ အနီနောက်မှာ လိမ္မော်ရောင်၊ အဝါနဲ့ အပြာတို့ အသီးသီး သတ်မှတ်ထားပါတယ်။
Source: Reuters