
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ထဲပြုတ်ကျသေဆုံးခဲ့တဲ့ မြန်မာသင်္ဘောသား တယောက်ရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်တယ်လို့ မလေးရှား Bernama သတင်းမှာ ဩဂုတ် ၁၁ ရက်က ဖော်ပြပါတယ်။
ဆာရာဝပ်ခ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (JBPM) ထုတ်ပြန်ချက်မှာတော့ သေဆုံးသွားသူဟာ အသက် ၂၀ အရွယ် သူထူးအောင် ဖြစ်တယ်လို့ ဖော်ပြထားပြီး ဘာတူပေကန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Moi Soon 2 သင်္ဘော အမှုထမ်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လည်တွေ့ရှိချိန်မှာတော့ သူဟာ အညိုရောင်ဘောင်းဘီရှည်နဲ့ ရာဘာလည်တိုဖိနပ်ကို ဝတ်ဆင်ထားကာ သူ့ရဲ့ရုပ်အလောင်းကို မပြည့်စုံတဲ့ အခြေအနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ပြီးခဲ့တဲ့ သြဂုတ် ၈ ရက် မနက် ၉ နာရီခွဲလောက်က မြစ်ထဲပြုတ်ကျခဲ့ပြီး ပြန်ပေါ်မလာတော့တာဖြစ်ကာ လေးရက်အကြာ သူ့ရဲ့ရုပ်အလောင်း မြစ်ထဲမျောပါနေတာကို ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် ခုလိုကယ်ဆယ်နိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
“ရဲတွေက အလောင်းဟာ ပျောက်ဆုံးနေတဲ့ သင်္ဘောသားရဲ့ ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ တွေ့ရှိချိန်မှာတော့ သူ့ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း၊ ခါးကနေ ခြေဖဝါးအထိ၊ ရေနေသတ္တဝါတွေရဲ့ အကိုက်ခံရမှုကြောင့် ပျက်စီးနေတာဖြစ်တယ်လို့ ယူဆရပါတယ်။”
လတ်တလောမှာတော့ သူ့ရဲ့ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အနီးနား ဆိပ်ခံတံတားဆီ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
Source: Bernama News